ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ဧကစာရင်းများ မှန်ကန်စွာကောက်ယူနိုင်ရေးနှင့် သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ဧကစာရင်းများ မှန်ကန်စွာကောက်ယူနိုင်ရေးနှင့် သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး


Ministry of Information/ Naypyitaw / May 02, 2024
image_latest


နေပြည်တော် မေ ၁

ဒေသအတွင်းရာသီအလိုက် သီးနှံများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ စိုက်ဧကစာရင်းများ မှန်ကန်စွာလျာထားဆောင်ရွက်နိုင်ရေး၊ စာရင်းများမှန်ကန်စေရေးနှင့် သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိနိုင်စေရေးအတွက် ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စသည့်ဌာန များနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းတာဝန်ခံများ တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီးက မိမိတို့ဒေသတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် သီးနှံများ၏မျိုးကွဲအလိုက် စိုက်ဧကများနှင့်အထွက်နှုန်းများ မှန်ကန်ရေးအတွက် အချိန်မီဆောင်ရွက်ရန် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်များမှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သည့်အဖွဲ့များကို အနီးကပ်ကြီးကြပ်ခြင်း၊ လိုအပ်သည့်မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေး၊ စိုက်ပျိုးရေနှင့် နည်းပညာတို့ကို သီးနှံအတွက်လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိလာသောသီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ရန်လိုကြောင်း၊ ရေ၊ မြေအခြေအနေပေးသည့်နေရာများတွင် တစ်နှစ်နှစ်သီးမှ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် မမျှော်မှန်းနိုင်သောသဘာဝဘေး ကျရောက်မှုများကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြုံတွေ့လာပါက သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စိုက်ဧက၊ အထွက်နှုန်းစသည့် ကိန်းဂဏန်းအချက်အလက်များကို အထူးအလေးထား တိတိကျကျမှတ်တမ်းတင်ကြရန် ဆွေးနွေးမှာကြားသည်။

အလားတူ ဧပြီ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ၌ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၏ လက်ရှိဆီထွက်သီးနှံဖြစ်သည့် မြေပဲအထွက်နှုန်းသည် ယခုနှစ်တွင် ကောင်းမွန်သော်လည်း လာမည့်နှစ်များတွင် အထွက်နှုန်းပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေး၊ နှမ်းသီးနှံကိုလည်း ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားဆောင်ရွက်နိုင်ရေး၊ စစ်တောင်းမြစ်ဝှမ်းအတွင်း နေကြာများဖြစ်ထွန်း၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး မြေ၊ ရေအခြေအနေပေးသည့် အခြားနေရာများတွင်လည်း ဖြစ်ထွန်းအောင် ဆက်လက်ကြိုးစားစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမည့်လျာထားဧကစာရင်းများ၊ သီးနှံအထွက်နှုန်းများကို မှန်ကန်စွာကောက်ခံနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ လိုအပ်သလို မြေပြင် ကွင်းဆင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဧပြီ ၃၀ ရက်တွင် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ ဝါသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အခြားသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိနိုင်ရေးနှင့် စိုက်ဧက၊ အထွက်နှုန်း စသည့်ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးအပါအဝင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်မှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,