ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်လှစ်

ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်လှစ်


Ministry of Hotel & Tourism/ နေပြည်တော် / September 19, 2023


နေပြည်တော် စက်တင်ဘာ ၁၈

ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များ နှင့် ဟိုတယ်များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရုရှားခရီးသွားဧည့်သည် များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ရာတွင် ဘာသာစကား အခက်အခဲ မရှိစေရန်နှင့် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြိုတင်သိရှိထားနိုင်စေရန် ယခုကဲ့သို့ ရုရှားဘာသာစကားသင်တန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ရုရှားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် ပြည်ဝင် ဗီဇာဖြေလျှော့ခြင်း၊ ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ခရီးသွားပြပွဲများ၊ အစည်းအဝေးများသို့တက်ရောက်ပြီး နှစ်နိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့ အစည်းများအကြား ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ကြိုးကြိုးစားစားလေ့လာသင်ယူကြပြီး လက်တွေ့လုပ်ငန်းတွင် အကျိုးပြုအသုံးချနိုင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဌက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် Welcome Russia Program in Myanmar အစီအစဉ်တို့တွင် ပါဝင်ဆောင်ရွက်နေမှု၊ နိုင်ငံတကာမှ ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ဆောင်နေမှု၊ ပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ဘာသာစကားသင်တန်းများ ဆက်လက် ဖွင့်လှစ် သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ရုရှားဘာသာစကား (အခြေခံ) သင်တန်းကို ရုရှား- မြန်မာချစ်ကြည်ရေးအသင်းမှ နည်းပြ များက ရက်သတ္တလေးပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ (၅၄) ဦး တက်ရောက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုရှားဘာသာစကား (အခြေခံ) သင်တန်းနှင့် ဒီပလိုမာသင်တန်းအပါအဝင် စုစုပေါင်းသင်တန်း (၁၂) ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား သင်တန်းသူ ၄၉၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon