ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်သော ဧည့်သည်တော်အဖွဲ့ လာရောက်ဖူးမြော်

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်သော ဧည့်သည်တော်အဖွဲ့ လာရောက်ဖူးမြော်


Ministry of Information/ Naypyitaw / September 05, 2024
image_latest


ရန်ကုန် စက်တင်ဘာ ၄

မြန်မာ-တရုတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ချစ်ကြည်ရင်းနှီးမှုဖလှယ်ရန် ရည်ရွယ်ချက်များဖြင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)၏ ဖိတ်ကြားစီစဉ်မှုအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်၍ ဗုဒ္ဓဘာသာဗျူရိုမှ အဖွဲ့ဝင်များပါဝင်သော ဧည့်သည်တော်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ရာ မြန်မာ-တရုတ်ချစ်ကြည် ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့ဝင်များ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးတို့က ကြိုဆိုဂါရဝပြုနှုတ်ဆက်ကြသည်။

ထို့နောက် ဆရာတော် Hu Xuefeng ဦးဆောင် သောအဖွဲ့သည် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရန်ကုန်တိုင်းသံဃ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိနှင့် ရွှေပြည်သာပရိယတ္တိစာသင်တိုက်ဆရာတော် ဒွိပိဋကဓရအဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တနာဂိတတို့အား ဂါရဝပြုတွေ့ဆုံနှုတ်ဆက်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)တို့နှင့် နှစ်နိုင်ငံချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဗုဒ္ဓဘာသာဆိုင်ရာ များအား ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြသည်။

ယင်းနောက် ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား အလှူငွေကျပ်ဆယ်သိန်းကို ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦးညွန့်သင်းက လက်ခံရယူသည်။

ပေးအပ်လှူဒါန်း

ဆက်လက်၍ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော်က ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် ရွှေပြည်သာပရိယတ္တိစာသင်တိုက် ဆရာတော်တို့အား ဗုဒ္ဓဆင်းတုတော်များ ပေးအပ်လှူဒါန်းပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) တို့အား အမှတ်တရလက်ဆောင်များပေးအပ်၍ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ကလည်း ရွှေတိဂုံစေတီတော်ပုံတော်များ လက်ဆောင်ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ပေကျင်းမြို့ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော်နှင့် ဧည့်သည်တော်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်၊ ဗုဒ္ဓစွယ်တော်ပွားတို့အား လှည့်လည်ဖူးမြော် ကြည်ညို၍ဗုဒ္ဓပြတိုက်နှင့် ဓာတ်ပုံပြခန်းတို့ကိုကြည့်ရှုလေ့လာကြကာ အောင်မြေတွင် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော်နှင့် ဧည့်သည်တော်အဖွဲ့သည် တနင်္ဂနွေထောင့်ရှိ သာယာဝတီမင်းခေါင်းလောင်းတော်ကြီးတွင် “မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားပါစေကြောင်း ခေါင်းလောင်းထိုး၍ ဆုတောင်းကြသည်။

သတင်းစဉ်

HOT NEWS
January 4,