ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်ကို ကျေးဇူးဆပ်ခွင့်ရခဲ့တယ်။ အခုလိုနိုင်ငံတော်က အသိအမှတ်ပြု ချီးမြှင့်မှုအပေါ် အားကစားသမားဟောင်းကြီးတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ စွဲမြဲထင်ကျန်နေမှာပါ။

ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်ကို ကျေးဇူးဆပ်ခွင့်ရခဲ့တယ်။ အခုလိုနိုင်ငံတော်က အသိအမှတ်ပြု ချီးမြှင့်မှုအပေါ် အားကစားသမားဟောင်းကြီးတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ စွဲမြဲထင်ကျန်နေမှာပါ။


Ministry of Information/ Naypyitaw / November 29, 2022
image_latest


ဦးနန္ဒကျော်စွာ (ရေကူး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၂၁၁/၂၀၂၂ ဖြင့် နယ်ပယ်အသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ခဲ့သည်။

ထိုသို့ချီးမြှင့်ခဲ့ရာတွင် တစ်ချိန်က မြန်မာ့အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသော မြန်မာ့အားကစားသမားဟောင်းကြီးများကို နိုင်ငံတော်အနေဖြင့် မမေ့မလျော့သောအားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ခဲ့ရာ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ ဘဝတစ်လျှောက်တွင် မျှော်လင့်စောင့်စားခဲ့ကြသည့် ဆုတံဆိပ် များကို ရရှိခဲ့ကြမှုအပေါ် လက်ရွေးစင် အားကစားသမား ဟောင်းကြီးများ၏ ရင်တွင်း ပီတိစကားသံတို့ကို စုစည်း ဖော်ပြအပ်ပါသည်။

ဦးနန္ဒကျော်စွာ (ရေကူး)

လူမှုထူးချွန် (ဒုတိယဆင့်)

အခုလိုအားကစားသမားဟောင်းတွေကို လျစ်လျူရှုမထားဘဲ ဂုဏ်ပြုချီးမြှင့်မှုအပေါ် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ခေတ်က ဘာမျှော်လင့်ချက်မှမရှိဘဲ နိုင်ငံတော်အတွက် ကစားခဲ့ကြတာပါ။ နိုင်ငံတော်အလံတိုင်ထိပ်ရောက်တယ်ဆိုရင် ဝမ်းသာပီတိ အတိုင်းမသိဖြစ်ရတာပါ။ ပြိုင်ပွဲတွေမှာ မြန်မာကနိုင်လို့ တိုင်ထိပ်မှာ မြန်မာနိုင်ငံရဲ့အလံကို လွှင့်ထူထားတယ်ဆိုရင် နိုင်ငံတော်အကြီးအကဲနဲ့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံများရဲ့ ကိုယ်စားလှယ်များဟာ နိုင်ငံတော်ရဲ့အလံကို ဦးညွတ်ရတဲ့အတွက် အဲဒီလိုဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြတဲ့ အားကစားသမားဟောင်းတွေကို နိုင်ငံတော်က ပြန်လည်ကြည့်ရှု အသိအမှတ်ပြုပြီး ဆုတံဆိပ်တွေချီးမြှင့်မှုဟာ ပြောမပြတတ်အောင် ဝမ်းသာဂုဏ်ယူ ပီတိဖြစ်ရပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရလို့ အလံတော်ကို အားကစားမှာပါဝင်တဲ့ နိုင်ငံတွေက ဂုဏ်ပြုအလေးပြုတဲ့အခါမှာ အားကစားသမားတစ်ယောက်အနေနဲ့ ဖော်မပြတတ်အောင် ရင်ထဲအသည်းထဲမှာ ဝမ်းသာပီတိ ခံစားရပါတယ်။ အဲဒီလိုခံစားမှုမျိုးဟာ ကာယကံရှင် ကလွဲပြီး အခြားသူများ ပြည့်ပြည့်ဝဝ ခံစားလို့ရမှာ မဟုတ်တဲ့အတွက် ဝမ်းသာ ပီတိကြောင့် ကျတဲ့မျက်ရည်ဟာ ဘယ်လိုမှ ရှင်းပြလို့ မရတာအမှန်ပါ။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့(၅)ကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲ ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ် သုံးဆုရခဲ့ပါတယ်။ တိုင်းပြည်အတွက် အားကစားကဏ္ဍကနေ ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်ကိုကျေးဇူးဆပ်ခွင့်ရခဲ့တယ်။ အခုလိုနိုင်ငံတော်က အသိအမှတ် ပြု ချီးမြှင့်မှုအပေါ် အားကစားသမား ဟောင်းကြီးတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ စွဲမြဲထင်ကျန်နေမှာပါ။

ဒေါ်ဝင်းချိုစန်း (သေနတ်ပစ်)

လူမှုထူးချွန် (ဒုတိယဆင့်)

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ (၂၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ ရွှေနှစ်ခုရရှိခဲ့ပြီးတော့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ (၂၂)ကြိမ် မြောက်ပြိုင်ပွဲမှာ ကြေးနှစ်ခု ရရှိခဲ့ပါတယ်။ အခုလိုဆုမျိုးကို လက်ရွေးစင် အားကစားသမားဘဝမှာ ရွှေနှစ်ခုရစဉ်ကတည်းက မျှော်လင့်ခဲ့တာပါ။ အခုလို မထင်မှတ်ဘဲနိုင်ငံတော်က အသိအမှတ်ပြုချီးမြှင့်တာကို ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ အဖွဲ့အစည်း အသီးသီးအားလုံးကို ကျေးဇူးတင်ပါတယ်။ လက်ရှိမျိုးဆက်သစ် အားကစား သမားများအနေနဲ့လည်း ဆက်လက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အဖြစ် များစွာပေါ်ထွန်းလာအောင် ကြိုးစားသွား စေချင်ပါတယ်။ အမိနိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ အောင်မြင် အောင် စွမ်းဆောင်နိုင်သူ များစွာပေါ်ထွန်းပါစေလို့ ဆုတောင်းပါတယ်။

ဦးစိုးသိန်း (ဘော်လီဘော)

လူမှုထူးချွန် (တတိယဆင့်)

နှစ်ပေါင်း ၅၀ အတွင်းမှာ အခုလို ဆုတံဆိပ်ရလိမ့်မယ်လို့ လုံးဝမမျှော်မှန်းခဲ့ပါဘူး။ ဒီတစ်ခါမှာ နိုင်ငံတော်က အားကစားသမားဟောင်းတွေကို ပစ်မထားဘဲ ထူးချွန်ဆုတွေကို ချီးမြှင့်တဲ့ အတွက် ပြောမပြတတ်အောင်ဝမ်းသာ ပါတယ်။ မျိုးဆက်သစ်အားကစားသမား တွေလည်း ကျွန်တော်တို့လိုအရွယ်ရောက်လာချိန်မှာ နိုင်ငံတော်ကချီးမြှင့်တဲ့ဆုတွေ ရရှိအောင် အခုကတည်းက ကြိုးစားအားထုတ်သင့်တယ်လို့ ပြောလိုပါတယ်။ ခေတ်အဆက်ဆက်မှာ ကျွန်တော်တို့ကို ထူးထူးခြားခြား ဂုဏ်ပြုခံရတဲ့အဆင့် မရှိခဲ့ဘူး။ အခုလိုအသိအမှတ်ပြု ဂုဏ်ပြု ခံရတာကို ကျွန်တော့်လိုပဲ အားကစားသမားဟောင်းတွေအားလုံး ဝမ်းသာပီတိဖြစ်ပြီး ဂုဏ်ယူနေကြပါတယ်။

ကျွန်တော့်နိုင်ငံအတွက် ဘော်လီ ဘောအားကစားနဲ့ ရွှေ နှစ်ခု၊ ငွေ တစ်ခုရခဲ့ပါတယ်။ ပထမဆုံးရွှေတံဆိပ်က မြန်မာပြည်မှာ ကျင်းပတဲ့ (၅) ကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲမှာပါ။ ဒုတိယရွှေတံဆိပ်က ၁၉၇၇ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ (၉)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာရရှိခဲ့ပြီးတော့ ငွေတံဆိပ်ကို ၁၉၇၃ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ပွဲမှာ ရခဲ့ပါတယ်။ နောက်ပိုင်းနည်းပြဆရာအဖြစ် နှစ်ပေါင်း ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံ့ဘော်လီဘော လက်ရွေးစင်အသင်းကိုလည်း ရွှေ၊ ငွေ၊ ကြေးတံဆိပ်တွေရအောင် နည်းပြတစ်ယောက်အနေနဲ့ စွမ်းဆောင်ပေးခဲ့ပါတယ်။ နိုင်ငံတော်က ရွှေ၊ ငွေနဲ့ ကြေးဆုတံဆိပ်ရရှိခဲ့တဲ့ အားကစားသမားတွေကို လစဉ်ထောက်ပံ့နေမှုကိုလည်း ဝမ်းသာရပါတယ်။ အခုလိုနိုင်ငံတော်က အသိအမှတ်ပြုပြီး လူမှုထူးချွန်တံဆိပ် ချီးမြှင့်ခံရမှု အပေါ် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

ဦးအုံးရှိန် (ဘော်လီဘော)

လူမှုထူးချွန် (တတိယဆင့်)

ဒီဆုတံဆိပ်ကတော့ ရသင့်တဲ့ သူတွေရတယ်လို့ ထင်ပါတယ်။ အဘတို့ ဝန်ထမ်းဘဝကတည်းက ဒီဆုကိုမျှော်မှန်းခဲ့တာပါ။ သို့သော်လည်း ပင်စင်သွားပြီးတဲ့ နောက်ပိုင်း အနှစ် ၂၀ ကျော်မှာ ဒီဆုကိုရခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ချီးမြှင့်ထိုက်တဲ့သူကို ချီးမြှင်တဲ့အတွက် ဂုဏ်ယူရပါတယ်။

မြန်မာ့ဘော်လီဘော လက်ရွေးစင် အသင်းမှာ ၁၀ နှစ်ကျော် ကစားခဲ့တယ်။ အဲဒီ ၁၀ နှစ် အတွင်းမှာ ရွှေသုံးခု၊ ငွေတစ်ခုနဲ့ နိုင်ငံတော်အလံရဲ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့တယ်။ ကစားသမားဘဝ ပြီးဆုံးလို့ နည်းပြဘဝကို ရောက်တဲ့အခါမှာ အားကစားသမားတွေကို လက်ရွေးစင် အဆင့်ရောက်အောင် မွေးထုတ်ပေးနိုင်ခဲ့ တယ်။ ၁၉၆၉ ခုနှစ်က မြန်မာပြည်မှာ ကျင်းပတဲ့ ကျွန်းဆွယ်ပြိုင်ပွဲမှာ ရွှေတစ်ခုစပြီးရတယ်။ ၁၉၇၅ ခုနှစ် ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ အင်ပါယာ ရွှေတစ်ခုရခဲ့တယ်။ ၁၉၇၃ ခုနှစ် မှာလည်း မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ပွဲမှာ ငွေတံဆိပ်တစ်ခုရခဲ့တယ်။ ၁၉၇၇ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ပွဲမှာလည်း ရွှေတစ်ခုရခဲ့တယ်။ ရွှေတံဆိပ်ရရှိတဲ့အခါမှာ နိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသီဆိုခဲ့ရတဲ့ ဝမ်းသာပီတိခံစားမှုဟာ ဘာနဲ့မှနှိုင်းယှဉ်လို့ မရပါဘူး။ အဲဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ အားကစားသမားဟောင်းကြီးတွေကို အခုလို နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်တဲ့အတွက် အတိုင်းထက်အလွန် ဝမ်းမြောက်ဂုဏ်ယူပါတယ်။

ညိမ်းသူ (သတင်းစဉ်)

ဓာတ်ပုံ - ကနူး

HOT NEWS
January 4,