လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / September 26, 2023

ကန်ကြီးထောင့်
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် တကုန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပုသိမ်ခရိုင် ပညာရေးမှူး ဒေါ်သန်းသန်းဦးက ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ဦးဆောင်ဆွေးနွေသူအဖြစ်ဆောင်ရွက်ပြီး အထက်တန်းပြဆရာမ ဒေါ်ကလျာစောမြတ်မွန်က လူငယ်နှင့်စာရိတ္တ၊ Grade -11 မှ စောဂျွန်ကနေဒီလင်းက စာအုပ်စာပေလူ့မိတ်ဆွေ၊ Grade -11 မှ မောင်နေမျိုးအောင်က လူငယ်နှင့်မျိုးချစ်စိတ်၊ Grade-11 မှ မယွန်းသစ္စာက လူငယ်နှင့်ပညာ၊ Grade-11 မှ မယွန်းသဒ္ဒါဖြူက လူငယ်နှင့် ကျန်းမာရေးစသည်ဖြင့် ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
ဝမ်းတွင်း
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (လျော်ပင်)၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပပေးရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက နိုင်ငံတော်၏ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအချင်းချင်း တစ်ဦးနှင့်တစ်ဦးရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် လူငယ် စကားဝိုင်းများကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ Grade-11 မှ ကျောင်းသား ကျောင်းသူများဖြစ်ကြသည့် မအေးသန္တာကျော်က မူးယစ်ဆေးဝါး ဘာကြောင့်သုံးစွဲရသလဲ၊ မရတီလွင်ကမူးယစ်ဆေးဝါး ဆိုးကျိုး၊ မောင်ထက်ဝေယံက မူးယစ်ဆေးဝါးအမျိုးအစား၊ မမေသံစဉ်က မူးယစ်ဆေးဝါးကို မြန်မာနိုင်ငံက ဘယ်လိုတိုက်ဖျက်နေသလဲ၊ မောင်ကြယ်စင်မင်းခန့်က မူးယစ်ဆေးဝါးကို ကမ္ဘာကဘယ်လိုတိုက်ဖျက်နေသလဲ စသည့်ခေါင်းစဉ်အများအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူလေးများက ဆွေးနွေးချက်များအပေါ် သိလို သည်မျာကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းမွန်မွန်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
သထုံ
မွန်ပြည်နယ်သထုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းလှမဉ္ဇူခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးမင်းမင်းရှိန်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး သည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်နှင့် ကိုယ်ရည် ကိုယ်သွေးဖွံ့ဖြိုးမှု ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီးနိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုကြောင်း၊ အသိပညာမြင့်မား မှသာ ဗလငါးတန်ဖွံ့ဖြိုးပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားမည် ဖြစ်ကြောင်း၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရမည်ဖြစ်ပြီး လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်စေလိုကြောင်း စသည်ဖြင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောပေးကြရာ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမ ကြီး ဒေါ်သီတာကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
လှည်းကူး
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ကျွန်းကလေး)တို့ ပူးပေါင်းကျင်းပသော အသိပညာပေး ဟောပြော ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌကအမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိဒေါ်အေးအေးနွဲ့က ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွန့်က စာဖတ်ပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးရန်နိုင်ဦး (ခ) ချစ်သဲဖြူ (ကော့ကရိတ်)က အချိန်ကိုအကျိုးရှိစွာ အသုံးချပါခေါင်းစဉ်ဖြင့် လည်းကောင်းဟောပြောခဲ့ကြသည်။ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာကျောင်းသား ကျောင်းသူငါးဦးတို့က ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ ယနေ့လူငယ် နောင်ဝယ်လူကြီး၊ ပညာရဲရင့် ပွဲလယ်တင့်၊ အစဉ်ရှေးရှု မြန်မာ့ယဉ်ကျေးမှု ခေါင်းစဉ် များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


