လဲချားမြို့နယ် ကောင်းစံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသားများအား ဖမ်းဆီးရမိ

လဲချားမြို့နယ် ကောင်းစံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသားများအား ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / March 22, 2026
image_latest


နေပြည်တော် မတ် ၂၁

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့နယ် ကောင်းစံကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မတ် ၂၀ ရက် ညနေပိုင်းတွင် အဆိုပါကျေးရွာ၏ အနောက်ဘက်မီတာ ၃၀၀၀ ခန့်အကွာတွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် လူနေအဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့သည့် သတင်းကို ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လဲချားမြို့နယ် ကောင်းစံကျေးရွာအနီးတစ်ဝိုက်အား နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် မတ် ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် ပထမဖမ်းဆီးရမိသည့်နေရာ၏ အနောက်ဘက် မီတာ ၁၇၀၀ ခန့်အကွာသို့အရောက်၌ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦးနှင့် ဗီယက်နမ်နိုင်ငံသား အမျိုးသမီးတစ်ဦးတို့ကိုလည်းကောင်း၊ ဒုတိယဖမ်းဆီးရမိနေရာ၏ မြောက်ဘက်မီတာ ၁၁၀၀ ခန့်အကွာသို့အရောက်၌ တရုတ်နိုင်ငံသား ၂၆ ဦးတို့ကိုလည်းကောင်း အသီးသီးထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်