သတ်မှတ်စည်းကမ်းများလိုက်နာ အများပြည်သူဝန်ဆောင်မှုပေး
သတ်မှတ်စည်းကမ်းများလိုက်နာ အများပြည်သူဝန်ဆောင်မှုပေး
Ministry of Information/ Naypyitaw / March 19, 2026
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော စက်သုံးဆီပြဿနာကို ဖြေရှင်းပေးနိုင်ရန် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး စက်သုံးဆီချွေတာရေး အစီအမံအမျိုးမျိုး ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် အသုံးပြုယာဉ်များအားလုံးအတွက် စက်သုံးဆီလုံလောက်စွာပေးနိုင်ရန် အရန်စက်သုံးဆီနှင့် ထပ်မံရရှိသည့် စက်သုံးဆီများကို စနစ်တကျဆောင်ရွက်လျက်ရှိသည့်အပြင် “ စုံ၊ မ” ယာဉ်အသုံးပြုမှုနှင့် စက်သုံးဆီဖြည့်တင်းမှု အစီအမံများဖြင့်လည်း ဆောင်ရွက်လျက်ရှိသည်။
စက်သုံးဆီလိုအပ်ချက်ပြဿနာသည် အခြေအနေအရပ်ရပ်အပေါ်တွင် ဆက်လက်ရှိနေမည်ဖြစ်၍ လျှပ်စစ်စွမ်းအင် (EV) ယာဉ်နှင့် သဘာဝဓာတ်ငွေ့စွမ်းအင် (CNG) ယာဉ်များအတွက်ပါ ထည့်သွင်းစီမံဆောင်ရွက်လျက်ရှိသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များကို ရောင်းချပေးလျက်ရှိရာ (CNG) သုံး အငှားမော်တော်ယာဉ်အသုံးပြုသူများအတွက်သာမက စီးနင်းသူအများပြည်သူအတွက်ပါ အကျိုးပြုလျက်ရှိသည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။
စက်သုံးဆီခြိုးခြံချွေတာရေးနှင့်ပတ်သက်၍ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များအား သဘာဝဓာတ်ငွေ့ (CNG) များကို မပြောင်းလဲသောဈေးနှုန်းဖြစ်သည့် ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှ ယနေ့ထိ ရောင်းချပေးလျက်ရှိသည်။ အဆိုပါဈေးနှုန်းသည် နိုင်ငံ တကာဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာသက်သာနေသည်ကို တွေ့ရမည် ဖြစ်သည်။ စက်စွမ်းအားတူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ နှင့် CNG တို့ တူညီသည့် အကွာအဝေးအတွက် လောင်စာဆီကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာ ကုန်ကျသည်။
အစောပိုင်းကာလက CNG သုံး Taxi ယာဉ်များအနေဖြင့် အခြားဓာတ်ဆီ၊ ဒီဇယ်ဆီသုံး Taxi ယာဉ်များထက် အများပြည်သူ ငှားရမ်းစီးနင်းရာတွင် အများအားဖြင့် ငှားရမ်းစရိတ်သက်သာသည်ဟု သိရသည်။ ခရီးအကွာအဝေးတူသော်လည်း သက်သာသော CNG ဈေးနှုန်းကြောင့် ငှားရမ်းခချိုသာခြင်းဖြစ်သည်။ ထိုစဉ်က ခရီးသွားပြည်သူများ အဆင်ပြေစိတ်ချမ်းသာကြသည်။ နောက်ပိုင်းတွင် ယာဉ်ပိုင်ရှင်များက ဓာတ်ဆီ၊ ဒီဇယ်ဆီသုံး Taxi ယာဉ်များနှင့် တန်းတူ မောင်းနှင်ကြေးတောင်းခံလာကြသည်ဟု သိရသည်။ CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်က စိုက်ထုတ်ပေးထားသော အခွင့်အရေးများကို အများပြည်သူ ခံစားခွင့်ရရှိနိုင်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းကြီးမြင့်မှုနှင့်တန်းတူ CNG သုံး Taxi ယာဉ်များ အနေဖြင့် အခွင့်အရေးယူ ငှားရမ်းခ တိုးမြှင့်တောင်းခံခြင်း မပြုလုပ်ကြရန်လိုသည်။ CNG သုံး Taxi ယာဉ်စီးနင်းကြသည့် ပြည်သူများက တိုင်ကြားလာပါက CNG သုံးစွဲ ခွင့် စာရင်းမှပယ်ဖျက်ခြင်းခံရမည်ကို သတိပြုရမည်ဖြစ်သည်။ အများပြည်သူသုံး YBS ယာဉ်များအနေဖြင့်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာမောင်းနှင်၍ ပြည်သူ့ဝန်ဆောင်မှုပေးကြရန်လိုသည်။ မကြာမီကာလ၌ CNG အသုံးပြုသည့်ယာဉ်များတွင် မီတာစနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်တော့မည်ဟု သိရသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ခရီးသွားမိဘပြည်သူများအနေဖြင့် CNG သုံး Taxi ယာဉ်များကို ငှားရမ်းအသုံးပြုသည့်အခါ အခြားစက်သုံးဆီ Taxi ယာဉ်များထက် သက်သာခွင့်ရရှိမည်ဖြစ်သည်။ CNG သုံးယာဉ်များနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက ညွှန်ကြားရေးမှူး CNG ဖုန်းနံပါတ် ၀၉၇၉၄၁၁၅၄၁၀၊ ၀၉၂၆၂၄၆၇၀၇၇ သို့ တိုင်ကြားနိုင်သည်။ CNG သုံးယာဉ်များအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ထိရောက်အကျိုးရှိစွာ ဝန်ဆောင်မှုပေးကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တင်းကျပ်စွာ ကြပ်မတ်အရေးယူဆောင်ရွက်ခြင်းခံရမည်ကို သတိချပ်ကြရမည်ဖြစ်ပါကြောင်း။ ။
