သထုံမြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ဆင်ခြင်တုံ တရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ
သထုံမြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ဆင်ခြင်တုံ တရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / May 30, 2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၁ ရက်နေ့ ည ၁၀ နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နေ ကိုစိုးကိုကို (၃၂)နှစ် (ဘ)ဦးကိုကိုနိုင် မောင်းနှင်ပြီး ခရီးသည် ၁၀ ဦး စီးနင်းလိုက်ပါလာသည့် ယာဉ် အမှတ် MDY-7L/XXXX Toyota Hiace အမျိုးအစား မော်တော်ယာဉ်သည် ဘီးလင်းမြို့ဘက်မှ မော်လမြိုင် မြို့ဘက်သို့ ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း ထွက်ခွာလာစဉ် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ အနီး မိုင်တိုင်အမှတ် ၁၃၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား အရောက်၌ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါမော်တော်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ရုံးကွင်းကျေးရွာနေ ဦးမြင့်ဇော်(၄၃)နှစ်နှင့် မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်နေ ကိုအောင်မွန်ဦး(၃၆)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး သိမ်ဆိပ် တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။