သနပ်ခါးလိမ်းခြယ်သုံးစွဲခဲ့မှုကို အပယ်ရတနာဘုရားနှင့် စူဠာမဏိစေတီတို့ရှိ နံရံဆေးပန်းချီများတွင် တွေ့ရှိ

သနပ်ခါးလိမ်းခြယ်သုံးစွဲခဲ့မှုကို အပယ်ရတနာဘုရားနှင့် စူဠာမဏိစေတီတို့ရှိ နံရံဆေးပန်းချီများတွင် တွေ့ရှိ


Ministry of Information/ Naypyitaw / March 04, 2025
image_latest


ရန်ကုန် မတ် ၃

မြန်မာနိုင်ငံတွင် ရှေးခေတ်များစွာကတည်းက သနပ်ခါးလိမ်းခြယ်သုံးစွဲမှု တည်ရှိခဲ့ကြောင်းကို ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အပယ်ရတနာဘုရားနှင့် စူဠာမဏိစေတီတို့ရှိ နံရံဆေးပန်းချီများတွင် လေ့လာတွေ့ရှိနိုင်သည်။ ယင်းနံရံဆေးပန်းချီများသည် သမိုင်းအထောက်အထားများအဖြစ် ခိုင်မာစွာ တည်ရှိပြသလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ သိရသည်။

“မြန်မာ့သနပ်ခါးကို ရှေးဘုရင်တွေလက်ထက်ကတည်းက မြတ်မြတ်နိုးနိုးသုံးစွဲခဲ့တာကို ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသက နံရံဆေးပန်းချီတွေမှာ တွေ့ရှိရတယ်။ စူဠာမဏိစေတီမှာ သနပ်ခါးလိမ်းခြယ်နေတဲ့ပုံကို အသိများကြပေမယ့် အပယ်ရတနာဘုရားမှာ ရှိတာကိုတော့ သိသူနည်းပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုအတွက် တန်ဖိုးဖြတ်လို့မရတဲ့ သမိုင်းအမွေအနှစ်ပုံတွေ ဖြစ်ပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ပြုပြင်ထိန်းသိန်းရေးဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြုပြင်စောင့်ရှောက်လျက်ရှိပြီး အပယ်ရတနာဘုရားရှိ သနပ်ခါးလိမ်းခြယ်မှုဟန် ပါဝင်သည့် နံရံဆေးပန်းချီများကို မှတ်တမ်းပြုစုထားရှိပြီးဖြစ်သည်။

ထို့အတူ ၁၉၉၁ - ၁၉၉၂ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ စူဠာမဏိစေတီအတွင်းရှိ နံရံဆေးပန်းချီကားများအား သန့်စင်ချေးချွတ်ရာမှ သနပ်ခါးလိမ်းခြယ်နေသောပုံများကို တွေ့ရှိမှတ်တမ်းပြုစုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ယခုအခါ ဘုရား၊ စေတီ၊ ပုထိုးပေါင်း ၃၈၂၂ ဆူနှင့် တန့်ကြည်တောင်ဧရိယာ၌ ဘုရား၊ စေတီ၊ ဂူ ၁၅ ဆူ စုစုပေါင်း ၃၈၃၇ ဆူ တည်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

သတင်း - သစ္စာ(MNA)

ဓာတ်ပုံ - ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)