သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများနှင့် ကျေးရွာသုံးထင်းစိုက်ခင်းများအား ကြည့်ရှု့စစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများနှင့် ကျေးရွာသုံးထင်းစိုက်ခင်းများအား ကြည့်ရှု့စစ်ဆေး


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / June 06, 2026


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး သည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ၆-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ အောက်ဆင်သေကြိုးဝိုင်းတွင် သစ်တောနယ်မြေများအတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ မြေငှားရမ်းဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင် ကုမ္ပဏီများနှင့် ရွှေနှင့်ဓါတ်သတ္တုကုမ္ပဏီများမှ စိုက်ပျိုးတည်ထောင်ထားရှိသည့် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများနှင့် သစ်တောဦးစီးဌာနမှ တည်ထောင်ထားရှိသည့် ကျေးရွာသုံးထင်းစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှုကို ကြည်ရှု့စစ်ဆေးသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်ဆင်သေကြိုးဝိုင်း၊ အကွက်အမှတ် (၂၄၊ ၂၅၊ ၂၈ နှင့် ၃၀) တို့တွင် (၂၀၂၄ နှင့် ၂၀၂၅) မိုးရာသီတို့တွင် စိုက်ပျိုးတည်ထောင်ထားရှိသည့် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၅) ခု၊  (၂၅၂) ဧကတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက အပင်များရှင်သန်မှုရာခိုင်နှုန်း ကောင်းမွန်စေရေးအတွက်   ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်၊ သေပင်ဖာထေးခြင်းလုပ်ငန်းများကို မိုးရာသီအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ ခြောက်သွေ့ရာသီတွင်လည်း တောမီးအန္တရာယ်မှကာကွယ်သွားရန် အသိပညာပေးရေးနှင့် သတိပေးဆိုင်းဘုတ်များ စိုက်ထူသွားရန်နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ဝင်ရောက်ဖျက်ဆီးမှု မရှိစေရေးအတွက် ခြံစည်းရိုးများအား စနစ်တကျပြင်ဆင်ထားရှိရန် မှာကြားသည်။

ထို့နောက်  အောက်ဆင်သေ ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉)ရှိ စိုက်ခင်းအမှတ် (၂/၂၀၂၅) ကျေးရွာသုံးထင်းစိုက်ခင်း (၁၀၀)ဧကအား ဆက်လက်ကြည့်ရှု့စစ်ဆေးပြီး ရာနှုန်းပြည့်ရှင်သန်အောင်မြင်မှု ရှိစေရေးအတွက် ရာသီအလိုက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားသည်။

ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ တည်ထောင်ခြင်းဖြင့် သစ်တောဂေဟစနစ်များ မူလအတိုင်းပြန်လည်ကောင်းမွန်လာစေခြင်း၊ ရေဝေရေလဲဒေသများအား ထိန်းသိမ်းနိုင်ခြင်း၊  ရေကြီးရေလျှံမှုများကို တားဆီးကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်သည်။