အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / October 02, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုချီးမြှင့်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသောအားဖြင့် တစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးဖြစ်သူ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှ အဘိုးဦးအောင်ထွန်း ၁၂၁ နှစ် နှင့် အသက်အကြီးဆုံးအဘွားဖြစ်သူ မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ်မှ အဘွားဒေါ်ချောယဉ် ၁၂၃ နှစ်တို့ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းစီကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှတစ်ဆင့် လွှဲပြောင်းပေးအပ် ဂုဏ်ပြုပြီးဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ သက်ကြီးဦးရေ ၅ ဒသမ ၂ သန်းခန့်ရှိရာမှ ပြည်သူ့အင်အားဦးစီးဌာန၏ ၂၀၂၃ ခုနစ် အောက်တိုဘာ ၁ ရက်ရှိ ခန့်မှန်းလူဦးရေစာရင်းအရ သက်ကြီးရွယ်အိုများ ဦးရေသည် ၆ ဒသမ ၃ သန်းကျော်အထိ တိုးလာပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံ၏စီးပွားရေးဆိုင်ရာမူဝါဒများ၊ လူမှုရေးဆိုင်ရာမူဝါဒများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄) အရ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ထောက်ပံ့လျက်ရှိရာ လက်ရှိတွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ၁၉၈၇၂၁ ဦးရှိကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ဒေသဆိုင်ရာကော်မတီများကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အ‌ရေးများကို လူ့အဖွဲ့အစည်းတစ်ခုလုံးက ဆက်လက်ကြိုးပမ်း ဖြည့်ဆည်းပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ပေးအပ်လှူဒါန်း

ထို့နောက် ဒုတိယဝန်ကြီးများနှင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များက ဘိုးဘွားများကို ဆေးဝါးပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနက အဘိုးအဘွားများကို ဆေးစစ်ဆေးမှု (Medical Check Up) ဆောင်ရွက်ပေးကြသည်။

ယခုနှစ် (၂၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဆောင်ပုဒ်သည် “သက်ကြီး သူများဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ဝိုင်းဝန်း ဖြည့်ဆည်းကြပါစို့ “Fulfilling the Promises of the Universal Declaration of Human Rights for Older Persons: Across Generations” ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,