အမှန်တရားဖြင့် နိုင်ငံတိုးတက်ရေးရှေးရှု


Ministry of Information/ Naypyitaw / February 26, 2024
image_latest


နိုင်ငံတစ်နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်သုံးရပ်ဖြင့် တည်ဆောက်ထားကြရသည်။ အဆိုပါမဏ္ဍိုင်သုံးရပ် တည့်မတ်မှန်ကန်စွာ လည်ပတ်နိုင်ရေးအတွက် စတုတ္ထမဏ္ဍိုင်ဟု ခေါ်ဆိုသည့် မီဒီယာကထိန်းကျောင်းထောက်ကူပေးရသည်။ စတုတ္ထမဏ္ဍိုင်သည် နိုင်ငံ၏ပကတိဖြစ်ပေါ် တိုးတက်မှုများကို ပဉ္စမမဏ္ဍိုင်ဟုခေါ်ဆိုသည့် ပြည်သူလူထုကို မှန်မှန်ကန်ကန် အသိပေးရကြရသည်။

နိုင်ငံတည့်မတ်မှန်ကန် ခိုင်မာစွာရပ်တည်လည်ပတ်နိုင်ရေးအတွက် ခြေလေးချောင်းထောက်ပမာ အဆိုပါမဏ္ဍိုင်လေးရပ်က သူ့တာဝန်နှင့်သူ ကျေပွန်ထမ်းရွက်ကြရသည်။ မဏ္ဍိုင်လေးရပ်တွင် စတုတ္ထမဏ္ဍိုင်သည် ပြည်သူတို့၏ နားနှင့်မျက်စိ ဖြစ်သည်။ အရေးပါသည့် စတုတ္ထမဏ္ဍိုင် မခိုင်ခံ့ပါက(ဝါ) မှန်ကန်ကောင်းမွန်စွာ မဆောင်ရွက်နိုင်ပါက နိုင်ငံရပ်တည်ရေးတွင် အခက်အခဲများရှိမည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အဓိကမဏ္ဍိုင်ကြီးများ ကြံ့ခိုင်ဖို့လိုသည်။ ယိမ်းယိုင်လဲပြိုခြင်း မရှိရအောင် အမြဲတစေကာကွယ်ထားဖို့လိုသည်။

ယနေ့နိုင်ငံတော်တွင် ပြည်တွင်း၊ ပြည်ပသွေးထိုးမြှောက်ပင့်ပေးနေမှုများ၊ ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး နိုင်ငံကိုချောက်ထဲရောက်အောင်တွန်းပို့နေသော ယုတ်ညံ့သည့် မီဒီယာများ၊ အခြေအနေနှင့် လက်တွေ့ဖြစ်ပျက်နေမှုများကို အသိဉာဏ်ပညာနှင့် စဉ်းစားသုံးသပ်ဆောင်ရွက်မှုမရှိသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကြောင့် နေရာဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြည်သူများဆင်းရဲဒုက္ခရောက်ကြရသည်။ အဆိုပါအဖျက်အမှောင့်လုပ်ရပ်များသည် တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးသောကြောင့် ပြည်သူများ မှန်ကန်သောအသိအမြင် များရရှိနိုင်ရန် တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် ပြည်သူများနေ့စဉ်ကြည့်ရှုနေကြသည့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းမှား၊ သတင်းတုများက နေရာယူထားသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူလူထုသိလိုမှုကိုအသုံးချ၍ လုပ်ကြံ၊ ဝါဒဖြန့်၊ အလိမ်အညာ၊ လှည့်ဖြားသည့် သတင်းအချက်အလက်များ နေ့စဉ်ထုတ်လွှင့်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူလူထုသည် အသိဉာဏ်ရှိသူ၊ ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသူ အများစုဖြစ်၍ လက်တွေ့နှင့် ကွဲလွဲနေသောသတင်းများ၊ တကယ်ဖြစ်မလာသော သတင်းများ၊ မဖြစ်နိုင်သော ထင်မြင်ချက်များ၊ စိတ်ကူးယဉ်သတင်းများကို တွေ့ဖန်များပြီး အဆိုပါသတင်းများကို လက်မခံကြသောအခါ မှန်ကန်သည့်သတင်းများကို လျင်မြန်စွာ မျှဝေပေးရမည်ဖြစ်သည်။

အကြမ်းဖက်အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ မမှန်သတင်းများဖြင့် သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် သတင်းတု၊ သတင်းမှားဖြစ်သည်ကို စိစစ်နိုင်မှု အားနည်းသည့်လူငယ်အချို့ သတင်းအမှားထောင်ချောက် သွေးဆောင်ဖြားယောင်း မှုအောက်သို့ရောက်ခဲ့ကြသည်။ လမ်းမှားပေါ်သို့ရောက်ပြီး အသုံးချခံဘဝသို့ ရောက်ခဲ့ကြသည်။ မျက်မှောက်ကာလ ဖြစ်ပေါ်နေသည့်အခြေအနေများတွင် ပြည်ဖျက်မီဒီယာအမျိုးမျိုးတို့သည် အဓိကကဏ္ဍမှပါဝင်နေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ မီဒီယာကဏ္ဍမှနေ၍ တစိုက်မတ်မတ် ဖျက်ဆီးနေခြင်းအတွက် အကျိုးအမြတ်များ ရရှိနေသည်ကိုလည်း သိရှိနားလည်ထားရန်လိုအပ်သည်။

ဒစ်ဂျစ်တယ်နည်းပညာခေတ်တွင် မီဒီယာနှင့်သတင်းအချက်အလက်
သိနားလည်မှုသည် သတင်းမှားများ တိုက်ဖျက်ရန်အတွက် အရေးပါသည့်ကဏ္ဍဖြစ်သည်။ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ချက်ချင်းတုံ့ပြန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၊ ပြည်ပမှအမှန်တရားကိုလိုလားသော ပြည်သူ၊ ပြည်သားသတင်းသမားများကလည်း တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ သတင်းအဆိပ်သင့်မှုအန္တရာယ်သည် နိုင်ငံ၏နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်မှုရှိသည်။ သတင်းအမှားများကို နားယောင်ပြီး ဆုံးဖြတ်ချက်အမှား၊ ရည်ရွယ်ချက်အမှား၊ စေတနာအမှားစသည့် အမှားများစွာဖြစ်စေနိုင်သည်။ ထို့ကြောင့် သတင်းအမှားများကို ဝိုင်းဝန်းတုံ့ပြန် တိုက်ဖျက်၍ သတင်းမှန်များ လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတည်တံ့ခိုင်မြဲရေး၊ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် မီဒီယာကဏ္ဍမှ တည့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ပါက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့တွင် အကျိုးများစွာ ရရှိမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက တိုင်းပြည် အနာဂတ်အတွက် တည့်မတ်မှန်ကန်စွာ ဆောင်ရွက်နေသော ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ဆောင်ချက်များသည် တိုင်းကျိုးပြည်ပြုလုပ်ငန်းများဖြစ်ပြီး ဖြစ်ပေါ်နေသည့် အနိဋ္ဌာရုံများသည် ဆင်ခြင်တုံတရားကင်းမဲ့သော လုပ်ရပ်များဖြစ်သည်ကို ပြည်သူများသိရှိနားလည်လာအောင် မီဒီယာကဏ္ဍမှ ထိရောက်စွာ ဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတွင် နေ့စဉ် မဟုတ်မမှန်ထုတ်လွှင့်နေသော သတင်းမှားများကို သိရှိနားလည်ပြီး သတင်းမှန်များကိုအခြေခံသည့် နိုင်ငံတော်နှင့် ပြည်သူလူထု နေ့စဉ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကြိုးပမ်းသည့် လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ပြီး နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။