အမှိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းဆောင်ရွက်
အမှိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းဆောင်ရွက်
Ministry of Information/ Naypyitaw / June 11, 2025

မြန်မာနိုင်ငံတစ်ဝန်းတွင် စွန့်ပစ်ပစ္စည်းတစ်ရက်လျှင် မက်ထရစ်တန် ၂၀၀၀၀ ခန့်ထွက်သည်။ ရန်ကုန်နှင့်မန္တလေးတွင် လူတစ်ဦးတစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၀ ဒသမ ၈ ကီလိုဂရမ် ထွက်ရှိရာ ၂၀၂၅ ခုနှစ်တွင် လူတစ်ဦး တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၁ ကီလိုဂရမ်ခန့် ထွက်ရှိမည်ဟု ပြည်ပအဖွဲ့အစည်းတစ်ခု၏ ၂၀၁၇ ခုနှစ်က အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။ အခြားလေ့လာချက်တစ်ခုကလည်း မိမိတို့နိုင်ငံတွင် နေ့စဉ်စွန့်ပစ်လိုက်သည့် စွန့်ပစ်ပစ္စည်း၏ ၃၅ ရာခိုင်နှုန်းခန့်ကိုသာ အမှိုက်သိမ်းစနစ်ဖြင့် သိမ်းယူသွားနိုင်ပြီး ကျန် ၆၅ ရာခိုင်နှုန်းခန့်မှာ လမ်းဘေးရေမြောင်းများ၊ မြစ်ချောင်းများနှင့် ကြုံသလိုစွန့်ပစ်ခြင်း၊ မီးရှို့ခြင်းတို့ ပြုလုပ်ကြသည်ဟုဆိုသည်။
“တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စံပြအဖြစ် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများမှ စံနမူနာပြဆောင်ရွက်သွားရန်လိုအပ်ပြီး ရပ်ရွာလူထုထံသို့ နမူနာယူအသိပညာပြန့်ပွားအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြည်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ မိမိတို့နိုင်ငံတွင် လူဦးရေတိုးတက်လာခြင်း၊ မြို့ရွာလူနေဒေသများ ကြီးထွား ကျယ်ပြန့်လာခြင်း၊ စက်မှုလုပ်ငန်းများ တိုးတက်များပြားလာခြင်းတို့နှင့်အတူ စွန့်ပစ်ပစ္စည်းများ ပိုမိုစွန့်ပစ်လာကြမည်ဖြစ်ရာ စနစ်တကျစွန့်ပစ်မှုနှင့် စနစ်တကျသိမ်းဆည်းမှုတို့ မဖြစ်မနေလိုအပ်လာမည်ဖြစ်သည်။
ရပ်ကွက်ကျေးရွာများအတွင်း နေထိုင်ကြသည့် သာမန်မိသားစုများ၏ နေ့စဉ်စွန့်ပစ်သည့် စွန့်ပစ်ပစ္စည်း(အမှိုက်)များကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ပါက ဆွေးမြည့်နိုင်သည့်အမှိုက်နှင့် မဆွေးမြည့်နိုင်သည့်အမှိုက်၊ ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်သည့်ပစ္စည်းနှင့် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း မပြုနိုင်သည့်ပစ္စည်း စသည်ဖြင့် တွေ့ရှိနိုင်သည်။ အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းက အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေသည့်အပြင် ပြန်လည်ပြုပြင် ထုတ်လုပ်နိုင်သည့် ပစ္စည်း/အမှိုက်များကို အကျိုးရှိအောင် ပြန်လည်အသုံးချမှုပြုလုပ်နိုင်သည်။ လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံသူ နိုင်ငံသားများ၏ အမှိုက်စွန့်ပစ်မှုမှာ အားနည်းချက်များရှိနေသည့်အပြင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများမှာလည်း များပြားနေသေးသည်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ထိထိရောက်ရောက် အရေးယူသွားရန် လိုအပ်နေသေးသည်။
အမှိုက်များကို ခွဲခြားစွန့်ပစ်ရာတွင် အလွယ်တကူ နားလည်နိုင်စေရန်အတွက် အမှိုက်စိုနှင့် အမှိုက်ခြောက်ဟူ၍သာ ခွဲခြားစွန့်ပစ်ရန်သက်ဆိုင်ရာက သတ်မှတ်ပေးထားသည်။ အမှိုက်စို ဆိုသည်မှာ မိသားစုများနေ့စဉ် ချက်ပြုတ်စားသောက်ရာမှ ထွက်ရှိလာသော ဟင်းသီးဟင်းရွက်အကြွင်းအကျန်၊ စားကြွင်း စားကျန်၊ သီးနှံခွံ၊ ကြက်ဥဘဲဥ အခွံများ၊ သားရိုးငါးရိုးများ၊ သစ်ရွက်ခြောက်များ စသည်တို့ဖြစ်ပြီး ဆွေးမြည့်လွယ်သည့် ပစ္စည်းများဖြစ်ရာ ကျေးလက်ဒေသများတွင်ဆိုပါက မိမိအိမ်ဝင်းအတွင်း၌ပင် မြေကျင်းတူး၍ဖြစ်စေ စနစ်တကျစွန့်ပစ်နိုင်သည်။ အမှိုက်ခြောက်များမှာမူ ရေသန့်ဘူးခွံများ၊ ဖော့ဘူးခွံများ၊ တစ်ခါသုံး ပလတ်စတစ်ခွက်များ၊ အိတ်ခွံများ၊ စည်သွတ်ဘူးခွံများ၊ စက္ကူများစသည်တို့ဖြစ်ပြီးအများစုမှာ ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်သည့် စွန့်ပစ်ပစ္စည်းများဖြစ်ရာ အမှိုက်အိတ်ဖြင့် ထုပ်ပိုး၍ သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်ကြရန်လိုသည်။
မိမိတို့နေထိုင်ရာ မြို့ရွာဒေသများ သန့်ရှင်းသာယာလှပနေမည်ဆိုပါက နေထိုင်သူမိမိတို့သည်လည်း ဂုဏ်ကျက်သရေတိုးပွားကြမည်ဖြစ်သည်။ မြို့ရွာများ စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပင်၊ ပန်းအလှပင်များ စိုက်ပျိုးကြရမည်ဖြစ်သလို မြို့ရွာများ သန့်ရှင်းသာယာလှပရေးအတွက်လည်း အမှိုက်များကို စနစ်တကျစွန့်ပစ်၊ စနစ်တကျသိမ်းဆည်းကြရမည်ဖြစ်သည်။ စိမ်းလန်းစိုပြည်သော၊ သန့်ရှင်းလှပသောမြို့ရွာများ ဖြစ်ပေါ်လာရေးအတွက် ဒေသနေပြည်သူများအားလုံးက အသိစိတ်ဓာတ်အပြည့်အဝဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။