အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်နှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး
အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်နှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး
Ministry of Information/ Naypyitaw / August 26, 2025

နေပြည်တော် ဩဂုတ် ၂၅
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်သေဆုံးမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြပိုက အမှာစကားပြောကြားပြီး လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းနှင့် ယခုကဲ့သို့ အလုပ်ခွင်မတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးရခြင်းအကြောင်း ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးက ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဝန်ထမ်းဖြစ်သည့် အာမခံအလုပ်သမား ဦးကျော်သန်းသည် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၇၂၀၀၀၀၀ ကို သားဖြစ်သူ မောင်အောင်ဇော်လတ်ထံ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရှေ့မှောက်တွင် ထုတ်ပေးခဲ့သည်။
အလားတူ ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မိုးသူဇာမုန့်တိုက်မှ အာမခံအလုပ်သမားသုံးဦးသည် မတ် ၂၈ ရက်တွင်လှုပ်ခတ်သည့် မန္တလေးငလျင်ကြောင့် အလုပ်တွင် ထိခိုက်သေဆုံးခဲ့သည့်အတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့်ငွေများ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်