အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၂၇ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းနိုင်ခဲ့ပြီး ပြည်ပ နိုင်ငံသား ၁၃၁ ဦးအား ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၂၇ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းနိုင်ခဲ့ပြီး ပြည်ပ နိုင်ငံသား ၁၃၁ ဦးအား ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့
Ministry of Home Affairs/ နေပြည်တော် / December 16, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ၊ ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စုစုပေါင်းပြည်ပနိုင်ငံသား ၁၂၇ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၃၁ ဦးအား ပြည်နှင်နိုင်ရေး ထပ်မံစစ် ဆေးနိုင်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံသံရုံးမှ Third Secretary Mr. Erdemchukhal Tuvshintugs နှင့် တာဝန်ရှိသူများ၊ အီသီယိုးပီးယားနိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘူရွန်ဒီ နိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဆီးရီးယားလီယွန်နိုင်ငံ၊ ကင်မရွန်းနိုင်ငံ၊ မော်ရိုဂိုနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် အီဂျစ် နိုင်ငံသံရုံးတို့မှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံမှ တာဝန်ရှိ သူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
ထို့အတူ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဝါးတောရပ်အတွင်းသို့ တရားမဝင်လမ်းကြောင်း များမှတစ်ဆင့် ဝင်ရောက်နေကြသည့် အိန္ဒိယနိုင်ငံသား ၄ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၃၁ ဦး၊ ထိုင်းနိုင်ငံသား ၁၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၄၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသား ၃ ဦးနှင့် ယူဂန္ဓာနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၁ ဦးအား ဒီဇင်ဘာ ၁၅ ရက်တွင် ထပ်မံစစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃,၆၆၇ ဦးအား ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့ အနက်မှ ၁၁,၇၄၀ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၉၂၇ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
