ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားများ ကျင်းပ
ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားများ ကျင်းပ
Ministry of Information/ Naypyitaw / July 01, 2025

နေပြည်တော် ဇွန် ၃၀
ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၂၅) ဥပဒေရေးရာဝန်ကြီးဌာန၏ အဝင်လမ်းပရိဝုဏ်အတွင်း ကျင်းပရာ သတ်မှတ်နေရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပိတောက်ပင်ကို လည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကံ့ကော်ပင်များကိုလည်းကောင်း စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့သည် အရာထမ်း၊ အမှုထမ်းများက ကံ့ကော်၊ ခရေ၊ သပြေနှင့် ငုဝါပင်တို့အား သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးနေမှုကိုလှည့်လည် ကြည့်ရှုအားပေးသည်။ ယခုနှစ် ဥပဒေရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စုစုပေါင်း အရိပ်ရပင် ၁၄၀ ကို စုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းသားဘဝတွင် တပည့်ကောင်းများဖြစ်အောင် ကြိုးစားသကဲ့သို့ နောင်အချိန်တွင် တိုင်းပြည်ကို ဦးဆောင်ကြမည် ဖြစ်သည့်အတွက် ပညာပြည့်ဝရုံတင်မဟုတ်ဘဲ စည်းကမ်းကို ကိုယ်ကျင့်တရားများဖြင့် နေထိုင်တတ်ကြရန်နှင့် မိမိတို့၏ မိသားစုဂုဏ်၊ ကျောင်း၏ဂုဏ်ကို ဆောင်နိုင်ခြင်းမှသည် နိုင်ငံတော်၏ဂုဏ်ကိုပါဆောင်နိုင်စေရန် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ယခင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade 12 ပြန်လည်ဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူကိုးဦး အပါအဝင် ယခုနှစ်ပညာသင်နှစ်အတွက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၇၆ ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် သိန်း ၇၀ ကျော်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်