ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ကြေးပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ကြေးပေးအပ်


Ministry of Information/ Naypyitaw / September 13, 2023
image_latest


နေပြည်တော် စက်တင်ဘာ ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ၊ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ထောက်ပံ့ပေးသွားမည်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ အကျုံးဝင်သည့် အကျိုးခံစားခွင့်ရှိသူ များ၏ အချက်အလက်များကို လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် အသုံးပြု၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်စုစုပေါင်း ၁၁၈၇၆၆ ဦးအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လူမှုရေးပင်စင်အစီအစဉ်အနေဖြင့် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား ၃၁၇၇၂ ဦးကို စက်တင်ဘာလကုန်တွင် ထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရရှိ ပြီးသော ဂေဟာ/ရိပ်သာ ၃၁ ခု၊ စေတနာညကျောင်းနှစ်ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း ၁၀၀ တို့အတွက် ထောက်ပံ့ကြေးများပေးအပ် သွားမည်ဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် လူမှုရေးအကူအညီလိုအပ်သူများသည် မိမိကိုယ်မိမိယုံကြည်ချက်ရှိစွာ ရပ်တည်လာနိုင်ပြီး နိုင်ငံတော်အတွက် အားကိုးအားထားဖြစ်ရသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ၊ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ကြေးများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ထောက်ပံ့ငွေများကို ဂေဟာ/ရိပ်သာ တာဝန်ခံများသို့ပေးအပ်ရာ ဂေဟာ/ ရိပ်သာများကိုယ်စား ဟင်္သာတဘိုးဘွားရိပ်သာမှ ဂေဟာမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အခမ်းအနားသို့တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးများကို ထောက်ပံ့ငွေများပေးအပ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက် နှစ်နှစ်အောက် ကလေးသူငယ်များ၊ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများသို့ ထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၆၂၇၉ ဒသမ ၅၄၉ သန်း ပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့နယ် ချောင်းသာမြို့ အမှတ်(၃) ရပ်ကွက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ၂၀၂၂ ခုနှစ်ကုန်ပိုင်းက တည်ဆောက်ပြီးစီးခဲ့သော Shelter သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,