ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ပြုလုပ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ပြုလုပ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / May 06, 2025


ပုသိမ်           မေ       ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်ကျင်းပပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)တွင် ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အိမ်တွင်းလျှစ်စစ်သင်တန်း၊ အဆင့်မြင့်လျှပ်စစ်သင်တန်း၊ အဲကွန်းတပ်ဆင်/ပြုပြင်ခြင်းသင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးသည် ကမ္ဘာလုံးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးတို့အတွက် အရေးကြီးသောအကြောင်းအရာတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေကြရသောကလေးများကို စစ်တမ်းကောက်ယူပြီး ပြန်လည်သင်ကြားရေးအစီအစဉ်များပြုလုပ်ခြင်း၊ ကလေးအလုပ်သမား ပြဿနာနှင့်ပတ်သက်သော အသိပညာပေးလုပ်ငန်းများပြုလုပ်ခြင်း၊ မိဘများနှင့် လူမှုအသိုင်း အဝိုင်းကို ကလေးအလုပ်သမားများ၏ထိခိုက်မှုနှင့် နောက်ဆက်တွဲအကျိုးဆက်များကို အသိပညာပေးခြင်း စသည့်လုပ်ငန်းများကို သက်ဆိုင်ရာကော်မတီများအလိုက် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးများ၏ မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိကြပြီး ဝင်ငွေကောင်းမွန်ဖို့ရာလိုအပ်ပါကြောင်း၊ သို့မှသာ ကလေးများ၏ လုပ်အားအပေါ် မှီခိုမှုကင်းပြီး မိမိ၏ရင်သွေး၊ နိုင်ငံ့၏ရင်သွေးများကို စာသင်ကျောင်းများသို့ ပို့လွှတ်ပညာသင်ကြားစေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေး အလုပ်သမားပပျောက်ရေးရည်မှန်းချက်(၆)ရပ်တွင် မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများများ ပိုမိုရရှိစေရုံသာမက လုပ်ခလစာလည်း ကောင်းမွန်စွာရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က ယခုကဲ့သို့ ကျွမ်းကျင်မှုသင်တန်းများကို အခမဲ့သင်ကြားပေးနေခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကလေးအလုပ် သမားပပျောက်ရေး ကော်မတီ(၈)ရပ် ဖွဲ့စည်းပေးထားပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ မိသားစုဝင်ငွေ ကောင်းမွန်ရေးနှင့် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရန် သက်မွေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့သင်တန်းများပေးရသည့် ရည်ရွယ်ချက်သည် ကလေးများ၏ဘဝကိုအဖိုးတန်သော ကျွမ်းကျင်မှုများဖြင့် စွမ်းဆောင်နိုင်စေရန်၊ ၎င်းတို့၏ယုံကြည်မှုကိုမြှင့်တင်ရန်နှင့် ပိုမိုတောက်ပသော အနာဂတ်အတွက် လမ်းစများ ပံ့ပိုးပေးရန်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ နည်းပြဆရာများ သင်ကြားပို့ချသည့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စာတွေ့/ လက်တွေ့ အသိပညာ၊ အတတ်ပညာများကို ကြိုးစားသင်ယူကြရန် တိုက်တွန်းလိုပါကြောင်း” အမှာစကားပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ သင်ကြားရေးအထောက် အကူပြုပစ္စည်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါသင်တန်းကို ယခုလ(၅)ရက်နေ့မှ(၃၀)ရက်နေ့အထိ ရက်သတ္တလေးပတ်ကြာ သင်တန်းသား(၂၈)ဦးအားဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

HOT NEWS
January 4,