ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် နွေရာသီကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် နွေရာသီကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


Ayeyarwaddy Region Government/ ပုသိမ် / April 24, 2024


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်နွေရာသီကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခမ်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကင်းထောက်လူငယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို ပုသိမ်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍ ကို မြှင့်တင်ပေးလျှက်ရှိရာ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အင်္ဂလိပ်စာနှင့်ကွန်ပျူတာသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း၊ ရေကြောင်းလူငယ်သင်တန်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ၊ ကင်းထောက်လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ တာဝန်သိ၊ တာဝန်ယူတတ်သော၊ နိုင်ငံ့သားကောင်းများဖြစ်လာအောင် လူငယ်လူရွယ်တို့အား ပြုစုပျိုးထောင်ပေးခြင်း၊ ကိုယ်ကျင့်တရား အကျင့်စာရိတ္တကောင်းများ ရရှိရေး၊ မိမိကိုယ်ကို အားကိုးတတ်ခြင်း၊ အကြီးအကဲတို့၏ သွန်သင်မှုများကို လိုက်နာတတ်ခြင်း၊ လူသားအချင်းချင်း ချစ်ခင်မြတ်နိုးပြီး သစ္စာစောင့်သိကာ အများအကျိုးဆောင်ရွက်တတ်သည့် လူငယ်များဖြစ်လာရန်၊ မိမိကိုယ်ကို လေ့ကျင့်ဖော်ဆောင်နိုင်စွမ်းရှိသော လူငယ်များပေါ်ထွန်း လာစေရန်ဖြစ်ပါကြောင်း၊ “တစ်ခါကင်းထောက်ဖြစ်လျှင် တစ်သက်လုံးကင်းထောက်” ဆိုသည့်အတိုင်း မိမိကိုယ်ကို အစဉ်ထိန်းသိမ်းစောင့်ရှောက် စံပြဖြစ်အောင်နေထိုင်ခြင်း၊ သူတစ်ပါးကိုကူညီရန်၊ အမှီအခိုကင်းရန်၊ မိမိကိုယ်ကို ရပ်တည်နိုင်ရန်၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင်နေတတ်ရန်နှင့် ဝင့်ကြွားရန်မဟုတ်ဘဲ မိမိရပ်ရွာအကျိုးဆောင်ရွက်တတ်စေရန်နှင့် အသုံးဝင်သည့် လူတစ်ယောက်ဖြစ်ရန် လက်ဆင့်ကမ်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ကင်းထောက်သင်တန်း တက်ရောက်ကြမည့်သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကာလတွင် ကျန်းမာ ပျော်ရွှင်စွာဖြင့် သင်ကြားလေ့ကျင့်နိုင်ပါစေကြောင်း၊ ကင်းထောက်စိတ်ဓာတ်နှင့် နိုင်ငံ့ သားကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ကြားသွားကြရန်” တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကင်ထောက်သင်တန်းသား၊ သင်တန်းသူ များအတွက် ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီးနောက် ပုသိမ်မြို့အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ ပြည်သူ့အတွက်အဆင်သင့်”သီချင်းဖြင့် သီဆိုဖျော်ဖြေကာအခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော် များသည် ကင်းထောက်လှုပ်ရှားမှုပြခန်းအား ကြည့်ရှုအားပေးခဲ့သည်။

HOT NEWS
January 4,