၂၉-၅-၂၀၂၃ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
၂၉-၅-၂၀၂၃ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / May 30, 2023
လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၉-၅-၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုသင်တန်းကို ဝန်ထမ်းများ၏ စစ်ဆေးရေးစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ စစ်ဆေးရေးဝန်ထမ်းများသည် နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြီးကြပ်ထိန်းကျောင်းပေးရသူများဖြစ်သဖြင့် အတွေ့အကြုံ၊ အရည်အချင်းများ ပြည့်ဝနေစေရန် လိုအပ်ပါကြောင်း၊ သို့ပါ၍ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများအနေဖြင့် သင်တန်းမှ ပို့ချမှုများအပြင် တိုးတက်ပြောင်းလဲကျင့်သုံးနေသည့် စစ်ဆေးရေးပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိသင်ယူလေ့လာသိရှိမှုများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်၊ ဆင့်ပွားသင်ကြားပို့ချပေးရန်၊ စစ်ဆေးရေးအဖွဲ့အား ကောင်းစွာဦးဆောင်လမ်းညွှန်မှုပေးရန်၊ စစ်ဆေးရမည့် အဖွဲ့အစည်းများနှင့် အပြန်အလှန်လေးစားမှုဖြင့် ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။
လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ခံယူချက်ကောင်းများထားရှိလျက် ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး တာဝန်ကျေပွန်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါသင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် တစ်ပြိုင်တည်း မေလ ၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်၊ တိုင်းဒေသ ကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူး (၄၁) ဦး နှင့် ဦးစီးအရာရှိ (၁၄၇) ဦး စုစုပေါင်း (၁၈၈) ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။
သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှလည်းကောင်း၊ ရန်ကုန်သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြသည်။