(၁၀)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်
(၁၀)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်
Ministry of Home Affairs/ နေပြည်တော် / May 30, 2023
(၁၀)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှု တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေး (10th Meeting on Cooperation to Combat Trafficking in Persons between Myanmar Police Force and Royal Thai Police ) ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် နေပြည်တော်၊ Park Royal Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁)၊ ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်သော ကိုယ်စားလှယ် ၁၆ ဦးနှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့၊ ဒုတိယ ရဲချုပ် Pol. Gen. Surachate Hakparn ဦးဆောင်သော ကိုယ်စားလှယ် ၁၂ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၂၈ ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်၊ ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် (၉)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး ကိစ္စရပ်များ၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံများနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနယ်စပ်မြို့များသို့ နိုင်ငံခြားသားများ တရားမဝင် လာရောက်အလုပ်လုပ်ကိုင်မှု ဖြစ်စဉ်များ၊ ထိုင်းနိုင်ငံတွင် ရောက်ရှိ နေသော လူကုန်ကူးမှုကျူးလွန်သူ တရားခံများ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူ ခံရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများအား စုံစမ်းဖမ်းဆီးလွှဲပြောင်းပေးနိုင်ရေးနှင့် မြန်မာ -ထိုင်းနှစ်နိုင်ငံနယ်စပ်တစ်လျောက် တရားမဝင် ဝင်/ထွက်သွားလာမှုများကို ပူးပေါင်းတားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်