ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


Pyithu Hluttaw/ နေပြည်တော် / November 16, 2018


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၁၈) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အဖွင့်အမှာစကား ပြောကြားရာတွင် လွှတ်တော်ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား လွှတ်တော်ရပ်နားထားစဥ် အချိန် ကာလနှင့် ယခုကျင်းပနေဆဲ ပုံမှန်အစည်းအဝေးများတွင် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားလိုပါကြောင်း၊ လွှတ်တော်ကော်မတီများသည် လွှတ်တော်ကို တာဝန်ခံ ဆောင်ရွက်ရသကဲ့သို့ လွှတ်တော်သည်လည်း ကော်မတီများကို တာဝန်ခံရပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးတွင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် လွှတ်တော်ရပ်နားထားစဥ်ကာလအတွင်း ကြိုတင်ဆောင်ရွက်ထားခဲ့သည်များ ရှိပါကြောင်း၊ ထို့အတူ လွှတ်တော်အစည်းအဝေးကာလအတွင်း လွှတ်တော်လုပ်ငန်းများအား အချိန်မီ ဆောင်ရွက်သွားနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေးလျာထားချက် ပြက္ခဒိန်ကို ရေးဆွဲထား ပါကြောင်း၊ အလားတူ လွှတ်တော်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများ၏ ဖွဲ့စည်းပုံနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားပြီး လွှတ်တော်နှင့် လွှတ်တော်ကော်မတီများကို ထိထိရောက်ရောက် ပံ့ပိုးကူညီနိုင်ရေး အတွက် နိုင်ငံတကာလွှတ်တော်များနှင့်အညီဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်အခါတွင် လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဥ်းများနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ရန် အရေးကြီးပြီး Parliamentary Oversight Function ကို အထူးဂရုပြု ဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များက သက်ဆိုင်ရာကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာ များ၊ အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် သုံးသပ်အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက် သွားရမည့် ကိစ္စရပ်များနှင့် ပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြား ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့

HOT NEWS
January 4,