အကျဉ်းသား၊အကျဉ်းသူများကို လွတ်ငြိမ်းသက်သာခွင့် ပြု၊ အင်းစိန် ဗဟို အကျဉ်းထောင်မှ ရန်ကုန် အခြေစိုက် ရိုက်တာ သတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် သရုပ်ဆောင် မိုးအောင်ရင်တို့ပြန်လည်လွတ်မြောက်

အကျဉ်းသား၊အကျဉ်းသူများကို လွတ်ငြိမ်းသက်သာခွင့် ပြု၊ အင်းစိန် ဗဟို အကျဉ်းထောင်မှ ရန်ကုန် အခြေစိုက် ရိုက်တာ သတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် သရုပ်ဆောင် မိုးအောင်ရင်တို့ပြန်လည်လွတ်မြောက်


Ministry of Information/ ​နေပြည်တော် / May 07, 2019
image_latest


ရန်ကုန် မေ ၇

အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ များအား နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယနေ့နံနက်ပိုင်းက လွတ်ငြိမ်းသက်သာခွင့် ပြုလျက်ရှိရာ ရန်ကုန်မြို့ ၊ အင်းစိန် ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်လာသူများအနက် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် သရုပ်ဆောင် မိုးအောင်ရင်တို့ ပါဝင်ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သူ သက်ဦးမောင်(ခေါ်) ဝလုံးနှင့် ကျော်စိုးဦး (ခေါ်) မိုးအောင်တို့နှစ်ဦးအား ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီက မင်္ဂလာဒုံမြို့နယ်၌ စတင်ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆို တင်ပို့ခဲ့ကာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ကျခံစေရန် အပြီးသတ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ သရုပ်ဆောင် မိုးအောင်ရင်မှာ ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း၌ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁၂ နှစ်အားလည်းကောင်း၊ ပုဇွန်တောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်အား လည်းကောင်း၊ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ကျခံစေရန် အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ ယနေ့တွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ အမိန်ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူများကို လွတ်ငြိမ်းသက်သာခွင့် ပြုမည်ဆိုသည့် သတင်းကြောင့် ယနေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ အင်းစိန် အကျဉ်းထောင်ရှေ့တွင် လာရောက်ကြိုဆိုနေကြသူများ၊ စောင့်မျှော်နေသည့် မိသားစုဝင်များ လည်းရှိပြီး လွတ်မြောက်ရန် ကျန်ရှိနေသူများကို မွန်းလွဲပိုင်းတွင် ဆက်လက်လွှတ်ပေးလျှက်ရှိသည်။

လာရောက်စောင့်မျှော်နေသူ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှ ဒေါ်တင်တင်ထွေးက “ရာဇဝတ်မှုကြီးတွေကလွဲရင် ကျန်တဲ့သူတွေကို လွတ်မြောက်စေချင်ပါတယ်။ မိုးအောင်ရင်နဲ့ သတင်းသမားတွေ လွတ်မြောက်လာတဲ့အတွက် ဝမ်းသာပါတယ်။ အဲဒီလိုပဲ မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သူတွေကိုလည်း အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်” ဟု ပြောသည်။
မြန်မာနှစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချော့မွေ့အောင်မြင်စေရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန် အတွက်လည်းကောင်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆၅၂၀ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်အရ ပြန်လည်လွှတ်ပေးခြင်း ဖြစ်သည်။

အကျဉ်းသား၊ အကျဉ်းသူများကို ယနေ့လွှတ်ပေးရာတွင် အင်းစိန် ဗဟိုအကျဉ်းထောင်နှင့်အတူ အခြားသော အကျဉ်းထောင်၊ အကျဉ်းစခန်းများမှလည်း လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း-ဇော်ကြီး(ပဏီတ)၊ ဓာတ်ပုံ-ဖေဇော်

Ref; Myanmar Digital News

HOT NEWS
January 4,