ကဆုန်လပြည့်နေ့ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ ညောင်ရေသွန်းလောင်းသူများဖြင့်စည်ကား

ကဆုန်လပြည့်နေ့ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ ညောင်ရေသွန်းလောင်းသူများဖြင့်စည်ကား


Ministry of Information/ yangon / May 18, 2019
image_latest


 

ရန်ကုန် မေ ၁၈

ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံ ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်များ ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ တန်ခိုးကြီး ဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ် ကောင်းမှု ပြုကြသူ များ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်ကို တွေ့ရ သည်။

ကဆုန်လပြည့်နေ့ ထူးခြားချက်မှာ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်းဆိုသည်နှင့်အညီ သုံးလောက ထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ဗျာဒိတ်ခံယူ သောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ ဟူသည့် ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့် (ဗုဒ္ဓနေ့)ဟု ခေါ်ဆိုကြသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန် လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြသည်။ ဗောဓိပင်သည် သဗ္ဗညုတဥာဏ်တော်ကို ရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်းကြောင့် ဖွားဘက် တော် ခုနစ်ပါးတွင် စာရင်း ဝင်သည့် ထူးခြားသော သစ်ပင်ဖြစ်သည်။ မြတ်စွာ ဘုရားနှင့်တိုက်ရိုက်ဆက်စပ်နေ၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ကျင်းပခဲ့ သည်။

မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များတွင်  ကဆုန်ညောင်ရေသွန်းပွဲကို ရိုးရာ ပွဲတော်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း  ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီ တော်များကို ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာသဘင်များ ကျင်းပခြင်း၊ ဘုရားကျောင်းကန်များသို့သွား၍ ဒါန သီလ ဘာဝနာပြုခြင်းများဖြင့် ကုသိုလ်ကောင်းမှုပြုကြသည်။ 

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၃၆ ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ယနေ့ နံနက် ၅ နာရီမှစတင်၍ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှ စတင်၍ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များက ညောင်ရေအိုးများ ကိုယ်စီကိုင်ဆောင်ပြီး စေတီတော် မြတ်ကြီး အား လက်ယာရစ် လှည့်လည်ပူဇော်ပြီး စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ဩဝါဒါ စရိယ ဆရာတော်ကြီးများက ဗုဒ္ဓဘိသေက အနေကဇာတင်လှူကြသည်။

ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပ ဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိ စာသင်တိုက် ကျိုက်ပိကျောင်း ဆရာတော် ဘဒ္ဒန္တဂုဏေသန ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ် အသင်း အဖွဲ့များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးထွန်းထွန်းဦးက ဗောဓိရုက္ခဥဒက ပူဇာမင်္ဂလာ စာတမ်းလွှာ ဖတ်ကြား လျှောက်ထားပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြ သည်။

ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အင်းစိန်မြို့နယ် ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ထံမှ လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်း ပူဇော်ကြသည်။

အလားတူ မဟာဝိဇယစေတီတော်မြတ်ကြီး ၃၃ ကြိမ်မြောက် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စေတီတော် ရင်ပြင်အတွင်းရှိ ဗောဓိညောင်ပင်၌ ကျင်းပရာ ရှေးဦးစွာ “ဇယောဟိ ဗုဒ္ဓဿ” ဂါထာတော် ရွတ်ဆို၍ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းများ၊ ဘုရားဖူးလာ ပြည်သူများက ကဆုန် ညောင်ရေသွန်း လောင်း ပူဇော်ကြသည်။

ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ပွဲ ကို ယနေ့ နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်အတွင်း၌ ကျင်းပရာ ဗိုလ်တထောင်စေတီတော်မြတ် ဂေါပက အဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သဒ္ဓမ္မ ဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တမေဓါနန္ဒ ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့ များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ကဆုန် ညောင်ရေသွန်း လောင်းပူဇော်ပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားပြီး ဆရာတော် ဘဒ္ဒန္တမေဓါနန္ဒထံမှ ဩဝါဒကထာနှင့် အနုမောဒနာ တရားများ နာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းများနှင့် ဘုရားဖူး လာပြည်သူများက ဗောဓိညောင်ပင်အား ကဆုန် ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။

အလားတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး အင်္ဂါထောင့်ရှိ မဟာဗောဓိပင်၌   ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းမှစတင်၍ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များက အနေကဇာတင်လှူပူဇော်ပြီး ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

ဆက်လက်၍ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အသင်း ၂၃ သင်းတို့မှ အသင်းသား အသင်းသူများ၊ အလှူရှင် လေးကျွန်းသူ ဖောင်ဒေးရှင်းအဖွဲ့မှ စေတနာရှင် အလှူရှင်များက  ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ကြသည်။

အလားတူ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော် မြတ်ကြီး၌ ယနေ့ နံနက်ပိုင်း တွင် စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အောင်ဗိမာန် ကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တအာစရ ထံမှ ပရိသတ်က ရှစ်ပါး သီလခံယူကြပြီး ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွား ပူဇော်ကြ ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြ သည်။

ထို့နောက် ဆရာတော်ကြီးများ ဦးဆောင်၍ ပရိသတ်များက စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်၍ အင်္ဂါထောင့်ရှိ မဟာဗောဓိပင်အား ညောင်ရေ သွန်းလောင်းကြသည်။

ယင်းနောက် ဝတ်အသင်းအဖွဲ့များက မဟာဗောဓိဒုမေနာထော စသော ဂါထာဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ စေတီတော်အလှည့်ကျဂေါပက ဦးထွန်းက ကဆုန်ညောင်ရေသွန်း ပူဇော်ခြင်းအကြောင်း ရှင်းလင်း ပြောကြားခြင်း၊ ဇယန္တော ဗောဓိယာမူလေ စသော ငါးဂါထာဖြင့် ဆုတောင်းပတ္ထနာရွတ်ဆိုကြခြင်း၊ မေတ္တာပို့ ဆုတောင်းအမျှပေး ဝေကြခြင်းနှင့် မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်း ပူဇော်ကြကာ ညနေ ပိုင်းတွင် အလှူရှင်များက စတုဒိသာ အကျွေးအမွေးများဖြင့် ကောင်းမှု ကုသိုလ်ပြု ကြသည်။

ထို့အတူ မရမ်းကုန်းမြို့နယ် ဓမ္မပါလကုန်းတော်တွင် တည်ထားကိုးကွယ်သော ဝရဒါဌာဓါတုစေတိယ စွယ်တော်မြတ်စေတီတော်ကြီး၏ ၂၁ ကြိမ်မြောက် ညောင်ရေ သွန်းလောင်းပွဲအခမ်းအနားကျင်းပရာ ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြကာ ကန်ဦးဇေတဝန်ကျောင်းမှ တိုက်အုပ် ဆရာတော်ကြီး ထံမှ ပရိသတ်တို့က ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဂေါပက အဖွဲ့ဝင်များ၊ ဝတ်အသင်း အဖွဲ့များက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

သတင်း - ရီရီမြင့်

ဓာတ်ပုံ - ဇော်မင်းလတ်

HOT NEWS
January 4,