ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ


Ministry of Information/ ​နေပြည်တော် / July 15, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၅

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်၌ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ် ၄ ဦးက ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ် ၌ လက်မှတ် ရေးထိုးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာ တွင် ယနေ့စတင် ကျင်းပသည့် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်းတွင် ဆွေးနွေးကြရမည့် ဥပဒေကြမ်း(၁၄)ခု ရှိပါကြောင်း၊ အဆိုများအနေဖြင့် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလ အတွင်းတွင် တင်သွင်းခဲ့ပြီး ဆွေးနွေးရန်ကျန်ရှိအဆို(၃)ခုနှင့် ယခုအသင့်ဖြစ်အဆို(၁၂)ခုရှိ သည့် အတွက် ဆွေးနွေးရန်အဆို စုစုပေါင်း(၁၅)ခုရှိပါကြောင်း၊ အသင့်ဖြစ်ကြယ်ပွင့်ပြမေးခွန်း(၁၀၉)ခု ရှိပါကြောင်း၊ ယခင်အကြိမ်များက ကျန်ရှိခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း (၂၂၀)ခုရှိသည့်အနက် မေးခွန်း (၁၁၅)ခုကို ယခုအစည်းအဝေးကာလအတွင်း ဆက်လက်ဆောင်ရွက်ရန် လျာထားပြီး မေးခွန်း (၁၀၅) ခုကို စာဖြင့် ဖြေကြားထားပြီး ဖြစ်ပါကြောင်း။

လွှတ်တော်များ၏ အဓိတာဝန်သည် ဥပဒေပြုရေးတာဝန် (Legislation) ပင်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူများအတွက် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသည့် ဥပဒေ များကို ရေးဆွဲပြဋ္ဌာန်းပေးကြရမည် ဖြစ်ပါကြောင်း၊ ဒုတိယတာဝန်ဖြစ်သည့် စောင့်ကြည့်ထိန်းညှိခြင်း (Oversight) တာဝန်ကိုလည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်သည့် ပုံစံမျိုးမဖြစ်စေရန် အထူးသတိပြုကြရမည် ဖြစ်ပါကြောင်း၊ တတိယတာဝန်ဖြစ်သည့် ကိုယ်စားပြုခြင်း (Representation) တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင် နိုင်ကြပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက်သာမက ပြည်သူလူထုတစ်ရပ်လုံး အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင် နိုင်ကြသည့် လွှတ်တော်ကိုယ်စား လှယ်များဖြစ်စေရန် တိုက်တွန်းအပ်ပါကြောင်း။

ယနေ့ နိုင်ငံတကာ အခြေအနေကို လေ့လာအကဲခတ်ကြည့်မည် ဆိုပါကလည်း နိုင်ငံရေးရည်မှန်းချက် အပြောင်းအလဲများနှင့်အတူ မူဝါဒအပြောင်းအလဲများကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေ ဆိုတာမရှိ၊ ကိုယ်ကျိုးစီးပွားသာရှိသည် ဆိုသည့်စကားအတိုင်း မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အဓိကထား ဦးစားပေးဆောင်ရွက်ကြ သည်ကို တွေ့ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ကမ္ဘာ့ရေစီးကြောင်းတွင် လိုက်ပါပြောင်းလဲ တိုးတက်နိုင်သည့် နိုင်ငံအဖြစ် ဖန်တီးပုံဖော်သွားကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ အဓိကကြုံ တွေ့နေရသည့် အခက်အခဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်ပင် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရန်အတွက် ထာဝရငြိမ်းချမ်းရေးရရှိ ရေးသည် အရေးအကြီးဆုံး မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အခြေခံသည့် ဖက်ဒရယ်မူများရရှိရန် မိမိတို့အားလုံး ဝိုင်းဝန်းပံ့ပိုးပေးကြရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှသာ မိမိတို့၏ နောင်လာနောက်သား မျိုးဆက်များကို ကောင်းမွန်သည့် အမွေထားခဲ့ပေးနိုင်မည် ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် ပြည်သူများနှင့်အတူ ကျရာအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း တိုက်တွန်းပြောကြားရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးနှင့် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း ၎င်းနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီး စဉ်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ထိုင်းနိုင်ငံ(၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကာလအတွင်း ကျင်းပသည့် ASEAN-AIPA Interface အစည်းအဝေးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊ ဝက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ခေါင်းဆောင်၍ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆွစ်ဇာလန်နိုင်ငံ (၁၀၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ သို့သွားရောက်ခဲ့သည့် ခရီးစဉ်၊ နတ်တလင်းမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲဲ႕၏ စင်္ကာပူသမ္မတနိုင်ငံ “RSIS- WTO Parliamentarian Workshop on International Trade 2019” သို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊ အောင်မြေသာစံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးလှမိုး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ 7th China-South and Southeast Asia Think Tank Forum သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊ ဝါးခယ်မ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ မလေး ရှားနိုင်ငံ 10 th AIPA Causus Meeting သို့ သွားရောက် ခဲ့သည့်ခရီးစဉ်၊ မြောင်းမြ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးစိုးမိုးသူ၏ အီတလီနိုင်ငံ Statelessness Course နိုင်ငံမဲ့ဖြစ်မှုဆိုင်ရာ သင်တန်းသို့ သွားရောက်ခဲ့ သည့် ခရီးစဉ်၊ သာကေတ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်၏ ဗီယက်နမ် နိုင်ငံ 14 th Southeast and Northeast Asia Seminar on International Humanitarian Law(IHL)သို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ခေါင်းဆောင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ ဦး၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ၅ ဦးပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ဗီယက်နမ်နိုင်ငံသို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်တို့ကို အသိပေးတင်ပြပြီး မှတ်တမ်းတင် ကြောင်းကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော် ရေးရာစွမ်းရည် မြှင့်တင်ရေး အကြံပေးအဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး တောင်ကြီးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေအား အဖွဲ့ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါ်အေးအေးမူ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) လက်ထောက်ဌာနေ ကိုယ်စားလှယ် (ငြိမ်း) ဦးတင်အောင်ချိုတို့ အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြသည်။

ထို့နောက် ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ကောလင်းမြို့၊ လာကာ ကြိုးဝိုင်းအတွင်း ရှာဖွေတွေ့ရှိထားသော ရွှေထွက်ရာနေရာအား အသေးစား၊ အလတ်စား သို့မဟုတ် အကြီးစား ပေးမည်ကို ပွင့်လင်းမြင်သာ စွာ ကြေညာ ၍ လေလံပစ်သည့်စနစ်ဖြင့် မျှတသောယှဉ်ပြိုင်ခွင့် ပေးရန် စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လာကာဒေသသည် စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ကန့်ဘလူ၊ ထီးချိုင့် မြို့နယ်များအတွင်း ရွှေနှင့် ကြေးနီသတ္တု အကြီးစား သတ်မှတ်လုပ်ကွက်ဧရိယာ ၁၁၉၅၅ ဒသမ ၉၉ စတုရန်းကီလိုမီတာအတွင်း ကျရောက်နေသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

ဖော်ပြပါ ရွှေတွေ့ရှိရာ နေရာသည် ပြည်ပကုမ္ပဏီဖြစ်သော Myanmar Reserves Development ကုမ္ပဏီ၏ ရွှေ၊ ကြေးနီနှင့် ဆက်စပ်သတ္တုများ ရှာဖွေရေး၊စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းခွင့်ပြုထားသော ဧရိယာ ၆၅ ဒသမ ၁၀၃၂ စတုရန်းကီလိုမီတာအတွင်းကျရောက် လျက်ရှိပါကြောင်း၊ ထို့အပြင် လာကာကြိုးဝိုင်းအတွင်း ပါဝင်နေသည့် ကျန်ဧရိယာများသည် Daewoo Precious Resources Co.,Ltd. က ရှာဖွေ စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ပြန်လည်အပ်နှံခဲ့သော်လည်း ၎င်းကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်ခဲ့ သည့် မြောက်ကျွန်းသူမမ ကုမ္ပဏီက ပြန်လည်လျှောက်ထားခဲ့ပြီး အဆိုပါ ကုမ္ပဏီ ၂ ခုအကြားတွင် ကျရောက်နေခြင်း၊ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်က လုပ်ကွက်သစ် လျှောက်ထားမှုများ ပြန်လည် လက်ခံခဲ့ရာ အချင်းချင်းလုပ်ကွက် ထပ်နေ ခြင်း၊ Myanmar Reserves Development Co.,Ltd ၏ တိုးချဲ့လုပ်ကွက်နှင့် လွတ်ကင်းမှု မရှိခြင်းတို့ကြောင့် ရှုပ်ထွေးမှုများရှိလာနိုင်သည့် အတွက် လက်ရှိ အနေ အထားတွင် လုပ်ကွက်သစ်များ ချထားဆောင်ရွက် ခွင့်ပေး၍ မရပါကြောင်း။

အကယ်၍ ပြည်ပရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများက ခွင့်ပြုမိန့်ရ ဧရိယာကိုစွန့် လွှတ်ခဲ့ခြင်းသော် လည်းကောင်း၊ ဧရိယာများ ပြန်လည်အပ်နှံခဲ့ခြင်းသော် လည်းကောင်း မြန်မာ့သတ္တုတွင်း နည်းဥပဒေ များအရ ပွင့်လင်းမြင်သာ စွာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိစာချုပ်ချုပ်ဆိုပြီး ကုမ္ပဏီများ လုပ်ကွက်ပြန်လည်အပ်နှံခြင်း သို့မဟုတ် ဧရိယာ လျှော့ချစွန့်လွှတ်ခြင်း တို့ကို ပြုလုပ်ပြီးမှသာ မြန်မာ့ သတ္တုတွင်း နည်းဥပဒေများအခန်း (၁၂)၊ နည်းဥပဒေ ၁၁၆၊ နည်းဥပဒေခွဲ (ခ)နှင့် (ဂ)တို့အရ အလတ်စား၊ အကြီးစား ဧရိယာအဖြစ် လျှောက်ထားလာပါက တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ်ရရှိထားသူများအား နိုင်ငံတော်မှ ထိုက်သင့်သည့် ချေးငွေထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကျသည့်အတွက် ပြည်သူ့ လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ ဘဏ်ချေးငွေရရှိရေးကိစ္စအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်၌ ညှိနှိုင်း အကြောင်း ကြားထားမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနက သစ်တောစိုက်ပျိုးခင်းများအတွက် ချေးငွေထုတ်ချေးရန်မှာ အပင်အမျိုးအစားအလိုက် တန်ဖိုးတွက်ချက်သတ်မှတ်ရန် အခက်အခဲရှိခြင်း၊ မီးဘေးနှင့် သဘာ၀ အန္တရာယ်တို့ကြောင့် ဆုံးရှုံးနိုင်ခြေရှိခြင်း၊ နှစ်ရှည် သီးနှံပင်များဖြစ်၍ ထုတ်ချေးရန် ကန့်သတ်ချက်များ ရှိခြင်း တို့အပြင် မြန်မာ့စီးပွားရေးဘဏ်မှ ရယူသည့် ချေးငွေမှာလည်း သက်တမ်း ၅ နှစ်အတွင်း ပြန်လည်ပေးဆပ်ရခြင်းတို့ကြောင့် ချေးငွေထုတ်ပေးရန် အခက်အခဲရှိကြောင်းကို ပြန်ကြားလာပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ပံ့ပိုးမှုရရှိနိုင်ရေး နိုင်ငံတော် မှ ချေးငွေထုတ်ပေးနိုင်ရန် လတ်တလောအစီအစဉ် မရှိသေးပါကြောင်းနှင့် ချေးငွေ ရရှိနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ ဒက္ခိဏသီရိမြို့နယ် ရှိ ဒေသခံ တောင်သူများ၏ အမှန်တကယ် စိုက်ပျိုးထားရှိသည့် လယ်မြေများကို တရားဝင် စိုက်ပျိုးခွင့် အမြန်ရရှိရေး မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရှင်းလင်းဖြေကြားသည်။

ထို့နောက် ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၏ ကသာ - ရွှေကူ - ဗန်းမော်လမ်း(ပုလွေရွှေ လမ်း)အား ကျောက်သားများ လိုအပ်သလို ပြန်လည်ဖြည့်စွက် ပြုပြင်မွမ်းမံခြင်း၊ ကတ္တရာစေးခင်းခြင်းတို့အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်မှ ချမှတ်ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း၊ သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်၏ ပဲခူးမြစ်ကူးတံတား(သံလျင် တံတားအမှတ်-၃) တည်ဆောက်ရေး စီမံကိန်းအား စီမံကိန်းမျှော်မှန်း ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ၊ လက်ရှိစီမံကိန်း ဆောင်ရွက်မှုအခြေအနေ မည်သည့် အဆင့် ရောက်ရှိနေကြောင်းနှင့် စီမံကိန်း တံတားကို မည်သည့်ဒိဇိုင်းဖြင့် တည်ဆောက်နေသည်ကို သိလိုခြင်းမေးခွန်း၊ ဝန်းသို မဲဆန္ဒနယ်မှ ဦးနေစိုးအောင်၏ ဝန်းသို - မဲဇာလမ်းပေါ်ရှိ ကတ္တရာလမ်းခင်းရန် ကျန်ရှိနေသေးသည့် အပိုင်းအား ကတ္တရာခင်းပေးခြင်းနှင့် ၎င်းလမ်းပေါ်ရှိ တံတား (၁၂)စင်းတို့အား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ခြင်း၊ သံကူကွန်က ရစ်ကြမ်းခင်းတည်ဆောက်ခြင်း၊ Box Culvert များ တည်ဆောက် ခြင်းတို့အား မည်သည့် ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေး မည်ကိုသိလိုခြင်း မေးခွန်းနှင့် မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏ ပုသိမ် - မုံရွာလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၀၅ နှင့် ၂၀၆ အကြား လမ်းအလိမ်အကွေ့အဆင်းမှာ အန္တရာယ်ကွေ့ဖြစ်နေသည့်အတွက် ယာဉ်များအဆင်ပြေပြေ သွားလာနိုင်ရေးနှင့် အန္တရာယ်လျော့နည်းစေရေး အတွက် မည်သို့စီမံဆောင်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး လာမှုကြောင့် ၂၀၁၉ ခုနှစ် နွေရာသီတွင် ထူးခြားစွာ ဖြစ်ပေါ်ခဲ့သော ရာသီဥတုပြောင်းလဲမှုနှင့် အပူချိန်မြင့်တက် လာမှု ဖြစ်စဉ်များကို သုံးသပ်ပြီး အနာဂတ် နိုင်ငံတော်နှင့် နောင်မျိုးဆက် များအပေါ် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် အကျိုးစီးပွား ဖြစ်ထွန်းစေရေး တို့အတွက် သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာထိခိုက် ပျက်စီးနိုင်သော အခြေအနေများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး ကာကွယ်ပြီး ပြန်လည် ထူထောင် အားဖြည့်ခြင်းလုပ်ငန်းများအား စနစ်တကျ အရှိန်မြှင့်ဆောင် ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် လူနှင့် သတ္တဝါတို့၏ အကျိုးစီးပွားကို ဘက်ပေါင်းစုံမှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့် သဘာ၀ ဒီရေတောများ ကို ပြုစုပျိုးထောင်ရန် လိုအပ်သကဲ့သို့ မပြုန်းတီးစေရန်လည်း ကာကွယ်ပေးရမည် ဖြစ်ပါကြောင်း၊ သစ်တောဆုံးရှုံးမှုများကို ဥပဒေနှင့်အညီ ကာကွယ်နိုင်ရန်အတွက် သစ်တော ဝန်ထမ်းများ လက်နက်ကိုင်ဆောင် ခွင့်မရှိသည့်အပေါ် အသက်အန္တရာယ်ထိခိုက်နိုင်သည့် အခြေအနေမျိုးကိုလည်း တာဝန်ရှိသူများ ပြန်လည်စဉ်းစား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အားနည်းနေသည့် ဝန်ထမ်းလိုအပ်ချက် ဖြည့်ဆည်းပြီး စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။

စွမ်းအင်မြင့်မီးဖို ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း နိုင်ငံတော်ဘတ်ဂျက်တွင် အတိုင်းအတာတစ်ခု အထိနှစ်အလိုက် ထည့်သွင်းလျာထားဆောင်ရွက်ပေးရ မည် ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဥပဒေတွင် ထိခိုက်ဘေးအန္တရာယ် ဖြစ်စေပြီးမှ အစည်းအဝေး အဆင့်ဆင့်ထိုင်၍ စီမံအရေးယူ ဆောင်ရွက်ရခြင်းထက် မဖြစ်ခင်ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်နိုင်ရန်အတွက်လည်း ဥပဒေကို ပြုပြင်ပြောင်းလဲရ မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ သစ်တောအခြေအနေ ကြုံတွေ့လာနေရသည့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုများကို အားလုံးသိနေကြပြီ ဖြစ်သည့် အတွက် အလေးအနက် ထားသင့်ပါကြောင်း၊ လူသားဆန်သည့် လူသားများဖြစ်စေရန် စဉ်းစားတွေးခေါ်မှုကို အခြေခံပြီး လူနှင့် လူ့ပတ်ဝန်းကျင် သဟဇာတဖြစ်စွာ ယှဉ်တွဲရပ်တည် နိုင်ရန်အတွက် ဆောင်ရွက်ရန် မှီသေးသည့် အချိန်အခါကောင်းဖြစ်သည့်အတွက် အဆိုအား တင်သွင်းရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်းက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေး နွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလို သည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အစီရင်ခံစာအား ဖတ်ကြားတင်သွင်းသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇူလိုင် ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့် (သတင်းစဉ်)

HOT NEWS
January 4,