ရုပ်သံဇာတ်လမ်းတွဲခန်းဆောင်နီအိပ်မက် (၁၉၈၇) မြန်မာဘာသာဖြင့် အသံထပ်၍ စတင်ပြသခြင်းအခမ်းအနားကျင်းပ
ရုပ်သံဇာတ်လမ်းတွဲခန်းဆောင်နီအိပ်မက် (၁၉၈၇) မြန်မာဘာသာဖြင့် အသံထပ်၍ စတင်ပြသခြင်းအခမ်းအနားကျင်းပ
Ministry of Information/ နေပြည်တော် / August 13, 2019
နေပြည်တော် ဩဂုတ် ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြား၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား (MRTV)တို့ ပူးပေါင်းဆောင်ရွက်သည့် ရုပ်သံဇာတ်လမ်းတွဲဖြစ်သော ခန်းဆောင်နီ အိပ်မက် (၁၉၈၇) မြန်မာဘာသာဖြင့် အသံထပ်၍ စတင်ပြသခြင်းအခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) စတူဒီယိုခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နှင့် ဇနီး၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်းနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံ အမတ်ကြီးမစ္စတာချန်းဟိုင်၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပါတီ ကော်မတီ ၏ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် မစ္စတာဟွမ်ယူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနမှ အနုပညာရှင် များက ကမ္ဘာတည်သရွေ့ တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ရုပ်သံဇာတ်လမ်းတွဲအဖြစ် တရုတ်နိုင်ငံတွင် ကျော်ကြားသည့် ဤဇာတ်လမ်းတွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အသံသရုပ်ဆောင် ၁၅ ဦး၊ ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားမှ အသံသွင်းအင်ဂျင်နီယာ များနှင့် စကားပြန်တို့ ပူးပေါင်း ပါဝင်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ဘာသာပြန် အသံသွင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံ ရုပ်သံဌာန ဝန်ထမ်းများ ပူးပေါင်းဆောင် ရွက်ကြခြင်းဖြင့် နည်းပညာနှင့် အတွေ့အကြုံအပြန်အလှန် ဖလှယ်နိုင်ကြပြီးမြန်မာ့ရုပ်မြင် သံကြားအတွက်လည်းတရုတ်ရုပ်သံဇာတ်လမ်းတွဲများထုတ်လွှင့်ပြသခြင်းဖြင့် အစီအစဉ်များ ပိုမို စုံလင်လာမည်ဖြစ်ပါကြောင်း၊ ယခုဇာတ်လမ်းတွဲကို မြန်မာပရိသတ်များ နှစ်ခြိုက်ကြမည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာ ချန်းဟိုင်က ခန်းဆောင်နီအိမ်မက်ရုပ်သံဇာတ်လမ်းတွဲကို ယခုလိုမြန်မာဘာသာနောက်ခံ စကားပြောဖြင့် ထုတ်လွှင့်ပြသခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုကို သက်ဝင် လှုပ်ရှားစေပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိုလည်း ပြသရာရောက်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါတီကော်မတီ၏ ပြန်ကြား ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် မစ္စတာဟွမ်ယူက မြန်မာအသံထပ် ခန်းဆောင်နီအိပ်မက် ရုပ်သံဇာတ်လမ်းတွဲထုတ် လုပ်ပြ သခြင်းဖြင့် မြန်မာပြည် သူများအတွက် တရုတ်စာပေယဉ်ကျေးမှု၊ လူနေမှုဘဝကို ပိုမို သိရှိပြီး တရုတ် - မြန်မာ နှစ်နိုင်ငံ ပြည်သူများအကြားသိရှိနားလည်မှုနှင့် ချစ်ကြည်ရင်းနှီး မှု ပိုမိုတိုးပွားလာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းပြောကြားသည်။
ထို့နောက် ခန်းဆောင်နီအိပ်မက် ဇာတ်လမ်းတွဲအသံသွင်းလုပ်ငန်းစဉ်များအား ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကိုပြသပြီး ဇာတ်လမ်းတွဲတွင် အသံဖြင့် ပါဝင်သရုပ် ဆောင်ထားကြသည့် MRTV မှ အသံသရုပ်ဆောင်များကိုမိတ်ဆက်ပေးသည်။
ယင်းနောက် ခန်းဆောင်နီအိမ်မက်ဇာတ်လမ်းတွဲစတင်ပြသခြင်းအခမ်းအနား LED Screen ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တရုတ်နိုင်ငံသံအမတ်ကြီး၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသပါတီကော်မတီ၏ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် ကွမ်းရှီးအသံနှင့် ရုပ်မြင်သံ ကြားညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့က ဖွင့်လှစ် ပေးပြီး ရုပ်သံဇာတ် လမ်းတွဲ၏ ဇာတ်ဝင်ခန်းတချို့ကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တရုတ်သံအမတ်ကြီးတို့သည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ ဘာသာ ပြန် အသံထပ် လုပ်ငန်းဆောင်ရွက်နေသည့် ရုံးခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ခန်းဆောင်နီအိမ်မက် ဇာတ်လမ်းမှာ တရုတ်ပြည် ချင်မင်းဆက် ကျိန်းလုံးမင်းလက် ထက် (၁၇၆၅ခုနှစ်)တွင် တရုတ်စာရေးဆရာကြီးဆောင်ဇူချင်းရေးသားခဲ့သောထင်ရှားသည့် ၁၈ ရာစု တရုတ်ဂန္တဝင်ဝတ္ထုကြီးကိုအခြေခံ၍ ပဒေသရာဇ်စနစ်၏ အုပ်ချုပ်သူနှင့် ပြည်သူတို့ ၏ ဘဝကိုအခြေခံပြီးသရုပ်ဖော်ရိုက်ကူးထားသောဇာတ်လမ်းတွဲတစ်ခုဖြစ်သည်။
တရုတ်ရုပ်သံဇာတ်လမ်းတွဲဖြစ်သည့် ခန်းဆောင်နီအိမ်မက်(၁၉၈၇)တွင် အပိုင်း ၃၀ ကျော်ပါ ဝင်ပြီး မြန်မာဘာသာနောက်ခံစကားပြောဖြင့် ခန်းဆောင်နီအိမ်မက်ဇာတ်လမ်းတွဲ ကို ယနေ့မှ စတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တနင်္လာနေ့နှင့် အင်္ဂါနေ့နေ့ ည ၇ နာရီ သတင်း အပြီးတွင် ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)
