ကရင်ပြည်နယ်ရေဘေးသင့်ဒေသများတွင် အသုံးပြုရန် စက်တပ်ဖိုင်ဘာလှေ(၇)စီးအား ပေးအပ်လှူဒါန်း

ကရင်ပြည်နယ်ရေဘေးသင့်ဒေသများတွင် အသုံးပြုရန် စက်တပ်ဖိုင်ဘာလှေ(၇)စီးအား ပေးအပ်လှူဒါန်း


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 14, 2019


ဘားအံ ဩဂုတ် ၁၃

 ကရင်ပြည်နယ်အတွင်း၌ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိပြီး ဒေသနေပြည်သူများအနေဖြင့် နှစ်စဉ်နီးပါး ရေဘေးဒုက္ခကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိရာ ရေဘေးသင့် ဒေသများတွင် အသုံးပြုနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးမှ စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် စက်တပ်ဖိုင်ဘာလှေ(၇)စီးကို ဩဂုတ်လ ၁၃ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းသည်။

 ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ယခုကဲ့သို့ စေတနာထက်သန်စွာဖြင့် လာရောက် လှူဒါန်းပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ သဒ္ဒါတရားထက်သန်စွာဖြင့် ရေဘေးသင့်ပြည်သူများအပေါ် အသိစိတ်ဓါတ် ရှိရှိဖြင့် မျှဝေပေးသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များကိုယ်စား ဦးသန့်ဇင်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

 ထို့နောက် အလှူရှင်များက စက်တပ်ဖိုင်ဘာလှေ (၇)စီးအား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူပြီး ဂုတ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အဆိုပါစက်တပ်လှေများအား ပိုင်ကျုံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး အစရှိသည့် ရေဘေးသင့်ဒေသများသို့ ခွဲဝေပေးသွားမည်ဖြစ်သည်။

 ယနေ့ပေးအပ်လှူဒါန်းသည့် စက်တပ်ဖိုင်ဘာလှေများတွင် တစ်စီးလျှင် ငွေကျပ်(၁၃)သိန်းတန်ဖိုးရှိ အလျားပေ(၂၀) ဖိုင်ဘာလှေ ၅ စီး၊ တစ်စီးလျှင် ငွေကျပ်သိန်း(၂၀)တန်ဖိုးရှိ အလျားပေ(၃၀) ဖိုင်ဘာ လှေ ၂ စီး၊ အဆိုပါလှေများတွင် တပ်ဆင်ရန် ငွေကျပ်(၅)သိန်းတန်ဖိုးရှိ Honda 22 HP အင်ဂျင်(၇)လုံးနှင့်စပ်ဆက်ပစ္စည်းများအား ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

HOT NEWS
January 4,