မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ကင်းထောက်များနှင့် တွေ့ဆုံ

မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ကင်းထောက်များနှင့် တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / August 16, 2019
image_latest


မန္တလေး ဩဂုတ် ၁၆

မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်သို့ ရောက်ရှိကြသည်။

မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ ကင်းထောက်များ နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် နာယကများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကင်းထောက်ဖွဲ့စည်းပြီးသည့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်ကင်းထောက်အဖွဲ့ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာ တင်ညို၊ မြန်မာနိုင်ငံ အမျိုးသမီး ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ မြန်မာနိုင်ငံ ကင်းထောက်ကြီးများ၊ တက္ကသိုလ် ကင်းထောက်လူငယ်မောင်မယ်များ၊ ကိုယ်ပိုင်ပညာရေး ကျောင်းများမှ ကင်းထောက်မောင်မယ်များ၊ ကင်းထောက်လူငယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြို့တော်ခန်းမမြေညီထပ်၌ ခင်းကျင်းပြသထားသည့် ကင်းထောက် အတတ်ပညာခုနှစ်ဖြာပြခန်း ၊ ကြိုးချီနည်းသရုပ်ဖော် ကင်းထောက် ပျော်ပြခန်း၊ လက်မှုပညာပြ ကင်းထောက်စွမ်းရည်အလှပြခန်း၊ သုတစုံလျှမ်း ကင်းထောက်ပြခန်း၊ မတူကွဲပြား အခြေအနေများ အားလုံးပါဝင်ပြုံးပျော်ရွှင်ပြခန်း၊ လက်တွေ့လုပ်ဆောင် စခန်းချရအောင်ပြခန်း၊ အမြဲပြုံးပျော်လူသားများအပေါ် ပြခန်း၊ ကျွမ်းကျင်ပညာ လက်မှုကမ္ဘာပြခန်း၊ စွမ်းရည်ထက်မြတ်ဉာဏ်ရည်တက်ပြခန်းနှင့် ကင်းထောက် အမျိုးသမီးများ လှုပ်လှုပ်ရှားရှား မှတ်တမ်များပြခန်းတို့အား လိုက်လံကြည့်ရှုအားပေးရာ ကင်းထောက် လူငယ်မောင်မယ်များက “မိုးလုံးမှိုင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။

ထို့နောက် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံ ကင်းထောက် အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော် သီချင်းသီဆိုပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

ယင်းနောက် ကင်းထောက်လူငယ်မောင်မယ်များက "ကင်းထောက်ဂုဏ်ရည်" သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။

ထို့နောက် ကင်းထောက်လူငယ်မောင်မယ်များက “ကင်းထောက်ကြိုးချည်နည်း ၆ မျိုး” နှင့် “အခြေခံရှေးဦးသူနာပြု ပတ္တီးစည်းနည်း” တို့ဖြင့်လည်းကောင်း၊ ကင်းထောက်အမျိုးသမီးငယ်များက “ပန်းဥယျာဉ်” တေးသီချင်းကို သီဆို သရုပ်ဖော်၍လည်းကောင်း စွမ်းရည်ပြသဖျော်ဖြေကြသည်။

ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ကင်းထောက်ကြိုးချည်ပြိုင်ပွဲ၊ ကင်းထောက်ကဗျာစပ်ဆိုပြိုင်ပွဲနှင့် ကင်းထောက် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် ကင်းထောက် မောင်မယ်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် Cub Scout ကင်းထောက်လူငယ်များက “စွမ်းဆောင်နိုင်တယ် ဒို့ကင်းထောက်ငယ်” တေးသီချင်းဖြင့်လည်းကောင်၊ Bule Bird ကင်းထောက်အမျိုး သမီးကလေးငယ်များက “မြင့်မြတ်နှလုံးသားပိုင်ရှင်များ” တေးသီချင်းဖြင့် လည်းကောင်း ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီကနေ့ ကင်းထောက်များနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး၊ အထူးသဖြင့် ကျွန်မတို့ရဲ့ ကင်းထောက်မောင်မယ်အားလုံးကို ကြိုဆို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်မ မန္တလေးမှာရှိတဲ့ ကင်းထောက်မောင်မယ်တွေနဲ့ တွေ့ချင်တဲ့ အကြောင်းတစ်ခုက ကျွန်မတို့ဟာ အသင်းအဖွဲ့တစ်ခုအနေနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ လိုပါတယ်။ အသင်းအဖွဲ့တစ်ခုကို ဝင်လိုက်ပြီဆိုရင် ဒီအသင်းအဖွဲ့ကို တန်ဖိုးထားရမယ်၊ ဒီအသင်းအဖွဲ့နဲ့ စုစုစည်းစည်းနေရမယ်၊ ဒီအသင်းအဖွဲ့ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ အသင်းအဖွဲ့တစ်ခု နယ်မှာ လှုပ်ရှားနိုင်ခြင်းဆိုတာဟာ ကျွန်မတို့အတွက် အင်အားတစ်ခုပါပဲ။ လူတိုင်းလူတိုင်းဟာ တစ်ယောက်ချင်းတစ်ယောက်ချင်း ကိုယ်လုပ်ချင်တာ လုပ်ဖို့ ဆန္ဒရှိကြတာပဲ။ ဒါပေမယ့် အသင်းအဖွဲ့ တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီဆိုရင်တော့ ဒီအသင်းအဖွဲ့ရဲ့ စည်းမျဉ်း စည်းကမ်းများ အတိုင်းလုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ငယ်စဉ်ဘဝကတည်းကစပြီး ဒီလို လေ့ကျင့်ခဲ့မယ်ဆိုရင် ကြီးလာတဲ့အခါမှာ ကိုယ့်ရဲ့လူမှုအသိုင်း အဝိုင်းအတွက်၊ ကိုယ့်ရဲ့ နိုင်ငံအတွက် အများကြီး အကျိုးပြုနိုင်ပါတယ်။

"တချို့က အသင်းအဖွဲ့တွေထဲမှာ အလုပ်လုပ်ရတာကို စိတ်ကျဉ်းကြပ်တယ်လို့ ထင်တဲ့သူတွေ ရှိပါတယ်။ အသင်းအဖွဲ့ထဲမှာဆိုရင် စည်းမျဉ်းစည်းကမ်းအရပဲ လုပ်ရတယ်။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်နေချင်တယ်၊ လုပ်ချင်တယ်ဆိုတဲ့ အမြင်တွေလည်းရှိပါတယ်။ အဲဒီလို အမြင်တွေရှိတဲ့ အခါကျတော့ ကျွန်မတို့စဉ်းစားရမှာက လွတ်လပ်ခြင်းဆိုတာဘာလဲ၊ အသင်းအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ မလုပ်ချင်ဘူး၊ တချို့ကျတော့ အသင်းအဖွဲ့အထဲမှာ ဝင်ပြီးမှ စည်းမျဉ်းစည်းကမ်းကို မလိုက်နာချင်ဘူး၊ တန်ဖိုးထားတာတွေနဲ့ ကိုက်ညီစွာ မလုပ်ချင်ဘူး။ လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်ဆိုပြီး ပြောကြပါတယ်။ အဲဒီတော့ လွတ်လပ်ခြင်းဆိုတာ ဘာလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

"ကျွန်မတို့ ဒီလူ့လောကကြီးထဲမှာ မွေးလာမှတော့ လုံးဝ လွတ်လပ်တယ် ဆိုတာ မရှိပါဘူး။ ကျွန်မတို့ အသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေ၊ ကျွန်မတို့ ကိုယ်တိုင်ရဲ့ လိုအပ်ချက်တွေကြောင့် ကိုယ့်ပတ်ဝန်းကျင်ကို အားကိုးပြီးတော့ နေထိုင်သွားရတာပါ။ ဒီတော့ ကင်းထောက်များအတွက် လွတ်လပ်ခြင်းဆိုတာဘာလဲလို့ အဓိပ္ပာယ်ဖော်ချင်တယ်ဆိုရင် ကျွန်မတို့ အမျိုးသမီး ကင်းထောက်များရဲ့ ကမ္ဘာ့သီချင်း ရှိပါတယ်။ အဲဒီကမ္ဘာ့သီချင်းထဲမှာ တကယ်လွတ်လပ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လို ပုဂ္ဂိုလ်တွေများလဲဆိုတာကို အဓိပ္ပာယ်ဖော်ထားတာ ရှိပါတယ်။ အဲဒီကမ္ဘာ့သီချင်းကို အားလုံးကရမယ်လို့တော့ ကျွန်မ မထင်ပါဘူး။ နောက်ပြီး ဒါကို မြန်မာဘာသာကို မပြန်ရသေးဘူးလို့ ကျွန်မထင်ပါတယ်။ အဲဒီကမ္ဘာ့ကင်းထောက်များ သီချင်းထဲက လွတ်လပ်ခြင်းဆိုတာ၊ လွတ်လပ်တဲ့သူများဆိုတာ ဘယ်လိုလူများလဲဆိုတာကို အဓိပ္ပာယ် ဖော်ထားတာကို ပြန်ပြီးတော့ ပြောချင်ပါတယ်။ ဘယ်လိုလူများလဲဆိုတော့ မှန်ကန်ခြင်းနဲ့ ကောင်းမွန်ခြင်းကို ချစ်မြတ်နိုးသောသူများ၊ ကတိတည်သူများ၊ စိတ်ဓာတ်နှိမ့်ချတတ်သူများ၊ နှလုံးသားက ကြင်နာတတ်တဲ့သူများ၊ ဂုဏ်သိက္ခာကို အမြဲစောင့်ထိန်းသူများ၊ ဂုဏ်သိက္ခာ အမြဲရှင်သန်နေသူများ အဲဒီလိုသူများဟာ လွတ်လပ်တဲ့သူများပါ။ မှန်ကန်ခြင်းနဲ့ ကောင်းမွန်ခြင်းကို ချစ်မြတ်နိုးရမယ်၊ ကတိတည်ရမယ်၊ ဂုဏ်သိက္ခာဆိုတာ အမြဲတမ်းရှင်သန်နေမှု ရှိရမယ်၊ အဲဒီလို စိတ်ဓာတ်ရှိသူတွေဟာ တကယ်ပဲ လွတ်လပ်တဲ့သူများပါ။

"အဲဒီတော့ ဒါကိုကျွန်မတို့က စဉ်းစားရမယ်။ ဘာဖြစ်လို့ ဒီလိုလူတွေကို လွတ်လပ်တဲ့သူတွေလို့ ကျွန်မတို့ ကမ္ဘာ့ကင်းထောက်သီချင်းက သရုပ်ဖော်ထားသလဲ။ ကောင်းမွန်ခြင်းနဲ့ မှန်ကန်ခြင်းကို ချစ်မြတ်နိုးမှ ကိုယ်သွားတဲ့လမ်းဟာ မှန်ကန်နိုင်မယ်၊ ကောင်းမွန်နိုင်မယ်။ ကောင်းမွန်တဲ့၊ မှန်ကန်တဲ့ အရာတွေကို ချစ်မြတ်နိုးခြင်း မရှိတဲ့သူတွေဟာ ကောင်းမွန်တဲ့၊ မှန်ကန်တဲ့လမ်းကို လျှောက်နိုင်မှာ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့၊ မှန်ကန်တဲ့လမ်းကို လျှောက်တယ်ဆိုရင် ကိုယ့်လိပ်ပြာ ဟာသန့်တယ်။ ကိုယ့်လိပ်ပြာဟာ သန့်တယ်ဆိုတော့ ကိုယ့်စိတ်က လွတ်လပ်တယ်။ စိတ်ရဲ့လွတ်လပ်ခြင်း ဆိုတာဟာ အဓိကပါပဲ။ နောက်ပြီးတော့ ကတိတည်သူများ ဘာဖြစ်လို့ ကတိတည်သူများဆိုပြီး အလေးထား ပြောသလဲဆိုတော့ ကိုယ်က ကတိတွေတည်ခဲ့ရင် ဘယ်သူ့ အပေါ်မှာမှ အကြွေး မကျန်ဘူး။ ပြောရမယ်ဆိုရင် ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေ၊ ကတိတည်ခြင်းဆိုတာဟာ ကိုယ်လုပ်မယ်လို့ ပြောခဲ့တာတွေကိုလုပ်ခြင်း၊ ဒီတော့ ဘယ်သူအပေါ်မှာမှ အကြွေးမကျန်တဲ့သူ ဆိုတာဟာ လွတ်လပ်တယ်။ အကြွေးတင်နေတဲ့သူ ဆိုတာဟာ မလွတ်လပ်ဘူး။ ဒါလေး လုပ်ပေးပါမယ်ဆိုပြီး လွယ်လွယ်နဲ့ပြောပြီးတော့ မလုပ်ပေးတာ၊ လွယ်လွယ်နဲ့ ကိုယ်လိုချင်တာ တစ်ခုခုရအောင် ကတိပေးပြီးတော့ ဒီကတိကို အလေးမထားတာ အဲဒီလိုပုဂ္ဂိုလ်များဟာ ဘယ်လိုလုပ် စိတ်လွတ်လပ်မှုရှိနိုင်မလဲ။ အကြွေးတွေကို ထမ်းထားရတဲ့လူတွေလိုပဲ ဖြစ်နေပါတယ်။

"နောက်ပြီးတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာဟာ အမြဲတမ်း ရှင်သန်နေရမယ်။ ဂုဏ်သိက္ခာဟာ အိပ်စက်နေတယ်လို့ မရှိရဘူး။ ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ သမာဓိကို အမြဲနှလုံး သွင်းထားရမယ်။ အဲဒီလို နှလုံးသွင်းထားရင် ကိုယ်သွားရာလမ်းမှာ ဖြောင့်ဖြောင့် မတ်မတ်သွားနိုင်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ အဲဒီလို ဖြောင့်ဖြောင့်မတ်မတ် သွားနိုင်မှလည်း စိတ်လွတ်လပ်မှု ရှိနိုင်မယ်။ နောက်ဆုံးကျတော့ ပြောရမယ် ဆိုရင် တစ်ကယ့်လွတ်လပ်မှုဆိုတာ စိတ်လွတ်လပ်မှုဖြစ်ပါတယ်။ စိတ်လွတ်လပ်မှု ဆိုတာဟာ အသင်းအဖွဲ့အတွင်းမှာ ကိုယ့်ရဲ့တာဝန်တွေကို အလေးထားခြင်း အားဖြင့် ကိုယ့်ရဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခြင်းအားဖြင့် အများကြီး ရနိုင်ပါတယ်။ စိတ်လွတ်လပ်မှုရှိမှ တခြားလွတ်လပ်မှုတွေကို ရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မက အသင်းအဖွဲ့ တစ်ခုဖြစ်တဲ့ ကင်းထောက်အဖွဲ့ထဲမှာ ဝင်လာတဲ့ လူငယ်များကို တိုက်တွန်းချင်ပါတယ်။ လွတ်လပ်မှု ဆိုတာ ဘာလဲဆိုတာကို သေသေချာချာစဉ်းစားပါ။ နောက်ပြီးတော့ အဲဒီလွတ်လပ်မှုထဲမှာ ပါသေးတာက ကြင်နာတဲ့ နှလုံးသားလည်း ရှိရမယ်။ နှိမ့်ချတဲ့စိတ်ဓာတ်လည်း ရှိရမယ်။ နှိမ့်ချတဲ့ စိတ်ဓာတ်ရှိတယ်ဆိုတာ မာန်၊ မာန မရှိခြင်းကို ပြောတာ ဖြစ်ပါတယ်။ တချို့တွေက ကိုယ့်ကိုယ်ကို အင်မတန်အထင် ကြီးကြပါတယ်။ ကျွန်မတို့ အသင်းအဖွဲ့ကို အားပေးတယ်ဆိုတာ ဘာလဲဆိုရင် အသင်းအဖွဲ့အတွင်းမှာဆိုရင် အားလုံးက ဒီအသင်းအဖွဲ့ အတွင်းမှာ တန်းတူညီမျှ နေတတ်ခြင်းက စိတ်လွတ်လပ်မှုကို အထောက်အကူပြုပါတယ်။

"ဒါကြောင့် ကျွန်မတို့ ကင်းထောက် မောင်၊ မယ်လေးများ အားလုံးတန်းတူညီ တူဖြစ်တယ်ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။ ကိုယ်လာတဲ့ မိသားစုအသိုင်း အဝိုင်းတွေကို စဉ်းစားဖို့ ကိုယ်လာတဲ့ ကျောင်းကို စဉ်းစားဖို့ မဟုတ်ဘဲ ကင်းထောက် အဖွဲ့ထဲကို ရောက်သွားတဲ့အခါ ကင်းထောက်များ အားလုံးဟာ တူတူညီညီရှိတယ်။ ကင်းထောက်များအားလုံး စည်းစည်းလုံးလုံးနဲ့ ဖြစ်နေတယ်ဆိုတဲ့ စိတ်ဓာတ်တွေကို သွင်းထားစေချင်ပါတယ်။ အဲဒီဟာက စိတ်နှိမ့်ချခြင်းဖြစ်ပါတယ်။ နောက်ပြီး ကြင်နာတဲ့ နှလုံးသားမရှိရင် ကျွန်မတို့ ကင်းထောက်ရဲ့ ကတိကဝတ်တွေကို တည်နိုင်ဖို့ဆိုတာဟာ အင်မတန်မှ ခက်ပါလိမ့်မယ်။ ကင်းထောက်များဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကူညီရတယ်။ ကူညီဖို့ လိုတဲ့သူတိုင်းကို ကူညီရတယ်။ ယဉ်ကျေး သိမ်မွေ့ရတယ်။ တိရစ္ဆာန်များ အပေါ်မှာ ကြင်နာရတယ်ဆိုတာတောင် ပါပါတယ်။ ဒီလောကကြီးမှာ အသက်ရှင်နေတဲ့ သတ္တဝါမှန်သမျှဟာ တစ်ခုချင်း၊ တစ်ခုချင်း သူ့တန်ဖိုးနဲ့ သူရှိပါတယ်။ လူသားတွေတင်မဟုတ်ဘဲ တိရစ္ဆာန်တွေ မှာလည်း သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေ အပေါ်မှာ သနား ကြင်နာရမယ်ဆိုတာ ကင်းထောက်ရဲ့ ကျင့်ဝတ်ထဲမှာ တစ်ပါးဖြစ်ပါတယ်။ အဲဒီလို ကလေးတွေကို ငယ်ငယ်ကတည်းက အကျင့်စာရိတ္တ ကောင်းအောင်၊ တစ်ကယ့် လွတ်လပ်မှုဆိုတဲ့ အဓိပ္ပါယ်ကိုနားလည်အောင်၊ တစ်ကယ့် လွတ်လပ်မှုကို နားလည် ရအောင် ကြိုးစားအောင် သင်ပေးတဲ့ အသင်းအဖွဲ့တစ်ခုဟာ ကင်းထောက် အသင်း အဖွဲ့ပဲဖြစ်ပါတယ်။

"တစ်ကမ္ဘာလုံးမှာ ကင်းထောက်လှုပ်ရှားမှုကြီး ပြန့်ပွားသွားတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး။ ဒီလိုမှန်ကန်တဲ့ တန်ဖိုးတွေ ရှိလို့ ပြန့်ပွားသွားတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကင်းထောက် အဖွဲ့ဝင်များဟာ အခွင့်အရေးကို လိုချင်လို့ ဒီအသင်းအဖွဲ့ထဲဝင်တာ မဟုတ်ကြပါဘူး။ နားလည်မှု ရည်ရွယ်ချက်အရ၊ ယုံကြည်ချက်အရ ဝင်တာဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်၊ ကလေးတွေ ဝင်တယ် ဆိုတာ မိဘတွေက ဝင်ခိုင်းလို့ ဝင်တာလည်း ဖြစ်နိုင်ပါတယ်။ ကျောင်းဆရာ၊ ဆရာမတွေ ကလည်း တိုက်တွန်းလို့ ဝင်တာလည်း ဖြစ်နိုင်ပါတယ်။ အမှန်ပြောရရင် ကျွန်မ ငယ်ငယ်တုန်းက ကင်းထောက်ထဲကို ပထမဆုံးဝင်ခဲ့တာက မေမေက ကင်းထောက်မဟာ မင်းကြီးဖြစ်လို့ ဝင်စေချင်လို့ ဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အသင်းအဖွဲ့တစ်ခုထဲ ဝင်လိုက်ပြီ ဆိုရင် အဲဒီအသင်းအဖွဲ့ထဲမှာ တန်ဖိုးရှိတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်အောင် နေဖို့လိုပါတယ်။ အဲဒါကြောင့် ဒီကိစ္စအတွက် စည်းမျဉ်း၊ စည်းကမ်းလိုက်နာခြင်းဟာ အင်မတန်မှ အရေးကြီးပါတယ်။

"ကိုယ့်ကို သူများတွေက လေးစားစေချင်ရင် ကိုယ်ကလည်း သူများတွေကို လေးစားရမယ်၊ စည်းကမ်းကို လိုက်နာရမယ်၊ လေးစားသင့်တဲ့နေရာမှာ လေးစားတာကို ပြရမယ်၊ အဲဒါကတော့ သိပ်အရေးကြီးပါတယ်၊ သတိပေးမှစည်းကမ်းကို ထိန်းသိမ်းရမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံး သတိပေးသွားရမယ်၊ အပြင်လူက သတိပေးမှ စည်းကမ်းကို ထိန်းသိမ်းတယ်ဆိုရင် ကိုယ်ဟာ လွတ်လပ်တဲ့ လူတစ်ယောက် မဟုတ်တော့ဘူး။ တကယ်လွတ်လပ်တဲ့လူဆိုတာ ကိုယ့်စည်းကမ်းကို ကိုယ်ထိန်းတယ်။ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ ဘယ်စည်းကမ်းတွေကို ထိန်းသိမ်းရမယ်၊ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဂုဏ်သိက္ခာဆိုတာ ဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ ကိုယ့်ကိုယ်ကိုယ်သတိပေးပြီးတော့ ကိုယ့်သတိပေးချက်အရ လိုက်နာနိုင်မှသာလျှင် တကယ့်လွတ်လပ်တဲ့ လူကြီးတွေဖြစ်လာမှာပါ၊ အဲဒါကိုတော့ သတိပြုစေချင်ပါတယ်။ နိစ္စဓူဝအသေးအဖွဲ လုပ်တာပဲဖြစ်ဖြစ်၊ ကြီးကြီးလုပ်တာပဲဖြစ်ဖြစ် စောစောက ပြောသွားတဲ့အထဲမှာ ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက် အမြဲရှင်သန်နေတဲ့သူများ၊ ဂုဏ်သိက္ခာ ဘယ်တော့မှ အိပ်စက်မနေတဲ့သူများဆိုတာ ဒါကိုပြောတာပါ။ တစ်ချိန်လုံး နိုးကြားတက်ကြွမှုက ရှိရမယ်။ ဘာအတွက်နိုးကြား တက်ကြွတာလဲဆိုတော့ တန်ဖိုးရှိတဲ့ ကိုယ်နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်အောင် နေတတ်ဖို့ကိုပြောတာပါ။ တစ်ယောက်ထဲ တန်ဖိုးရှိအောင်နေတာကို ပြောတာ မဟုတ်ပါဘူး။ ကိုယ်နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တန်ဖိုးရှိအောင် နေတတ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

"အဲဒါကြောင့် ကင်းထောက်အသင်းအဖွဲ့ထဲ ဝင်ပြီဆိုရင် ကင်းထောက်ရဲ့ကတိတွေ၊ ဝတ္တရားတွေကို သေသေချာချာလေ့လာပါ၊ သေသေချာချာလေ့လာ၊ သေသေချာချာ စဉ်းစားပြီးတော့ နှလုံးသွင်းပါ။ အဲဒီလိုလည်း မလေ့လာဘူး။ နှလုံးသွင်းတာလည်း မရှိဘူးဆိုရင် ကင်းထောက်ပဲလုပ်လုပ်၊ ဘယ်အသင်း အဖွဲ့ဝင်ပဲလုပ်လုပ် ပြင်ပ အသင်းအဖွဲ့ဝင်ပဲဖြစ်မှာပါ၊ တစ်နည်းအားဖြင့် စိတ်ထဲက မပါဘူး၊ စိတ်ထဲကနေ ပြီးတော့ လိုက်နာမှုမရှိဘူး၊ တန်ဖိုးထားတာတွေကို နားမလည်ဘူးဆိုရင် ဒါလှည့်ဖြားရာ ရောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လှည့်ဖြားရာရောက်တယ်။ ကိုယ့်ရဲ့ ပတ်ဝန်း ကျင်ကိုလည်း လှည့်ဖြားရာရောက်ပါတယ်။ ဒါကြောင့်မို့ တန်ဖိုးရှိတဲ့ လူသားတွေဖြစ်လာချင်တယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပထမ လှည့်ဖြားလို့မဖြစ်ပါဘူး။ တစ်ခြားလူတွေကို ဘယ်လောက်ပဲ လှည့်ဖြားလို့ရရ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ လှည့်ဖြားလို့ မရဘူးဆိုတာကို သေသေချာချာ မှတ်ထားစေချင်ပါတယ်။

"ကင်းထောက်များဟာ ဖြောင့်မတ်တယ်ဆိုတာ ဒါပါပဲ၊ နံပါတ်တစ်က ကိုယ့်ကိုယ်ကိုယ် ဖြောင့်ဖြောင့်မတ်မတ် ရှိစေရမယ်၊ ဒီအသင်းအဖွဲ့ထဲကို ဝင်လာတာဟာ ပျော်ပျော်ရွှင်ရွှင် ကိုယ့်ရဲ့ အသင်းသားတွေနဲ့နေဖို့၊ ထိုင်ဖို့၊ သွားဖို့၊ လာဖို့၊ လုပ်ဖို့၊ ကိုင်ဖို့ ဆိုတာမှန်ပါတယ်။ ဒါပေမယ့် အဲဒါချည်းလည်း မဟုတ်ပါဘူး။ ပိုပြီးတော့ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်လာအောင် ဝင်တာ ဆိုပြီးတော့ အဲဒီလို မှတ်သားထားစေချင်ပါတယ်။

"ကျွန်မတို့နိုင်ငံက နိုင်ငံသူ နိုင်ငံသားများ အားလုံး ကလေးသူငယ်ကနေစပြီးတော့ လူကြီးတွေအထိ တန်ဖိုးရှိတဲ့ လူသားတွေ ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်း တစ်ဦးချင်း တန်ဖိုးရှိစေချင်တယ် ဆိုတာဟာ အင်မတန်မှ ကြီးကျယ်တဲ့ မျှော်မှန်းချက်ဖြစ်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြီးကျယ်တဲ့ မျှော်မှန်းချက်ဖြစ်ဖြစ် တကယ့်ကို ဆန္ဒရှိရှိနဲ့ အောင်မြင်အောင် ရအောင်ယူရင် ရနိုင်ပါတယ်၊ ဒီမျှော်မှန်းချက်ကို အကောင်အထည်ဖော်လို့ ရပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကင်းထောက်ကလေးများဟာ သေသေချာချာ မှတ်ထားပါ။ ကင်းထောက်ထဲကို ဝင်တယ်ဆိုတာဟာ ဘာကြောင့်ဝင်တာလဲ ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ သုံးသပ်ပါ၊ မိဘတွေက ဝင်ခိုင်းလို့ ဝင်တာပဲဖြစ်ဖြစ်၊ ဆရာသမားတွေက ဝင်ခိုင်းလို့ ဝင်တာပဲဖြစ်ဖြစ် ဒီအသင်း အဖွဲ့ထဲကို ဝင်ပြီဆိုမှ ဒီအသင်းအဖွဲ့ရဲ့ တန်ဖိုးရှိတဲ့လူတစ်ယောက် အနေနဲ့ ရပ်တည်နိုင်အောင် ကြိုးစားကြပါ။ အဲဒီလိုကြိုးစားမှသာလျှင် ဒီအသင်း အဖွဲ့ထဲကို ဝင်ရကြိုး နပ်မှာဖြစ်ပါတယ်။

"ကျွန်မတို့ လူကြီးတွေအနေနဲ့လည်း ကလေးများကို ဒီလိုပဲ သင်ပေးစေချင်ပါတယ်။ အလုပ်တစ်ခု လုပ်တယ်ဆိုတာ အပေါ်ယံကြောပေါ့ပေါ့နဲ့ လုပ်လို့မဖြစ်ပါဘူး။ လေးလေးနက်နက်နဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ အစကတည်းက ဒီအလုပ်ကို မလုပ်ချင်ရင် မလုပ်ပါနဲ့၊ လုပ်ပြီဆိုရင် လေးလေးနက်နက် နဲ့ မှန်မှန်ကန်ကန် လုပ်ကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။

"ဒီနေ့အခမ်းအနားကို ဖြစ်မြောက်အောင် လုပ်ပေးတဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလည်း ငယ်ငယ်တုန်းက ကိုယ်တိုင်က ကင်းထောက်တစ်ဦးဖြစ်ခဲ့ပါတယ်။ ကျွန်မတို့လည်း ငယ်ငယ်တုန်းက ကင်းထောက်တစ်ဦး ဖြစ်ခဲ့ဘူးပါတယ်။ ဘယ်လိုကင်းထောက် အနေနဲ့ ရပ်တည်ခဲ့တယ်ဆိုတာ ကျွန်မတို့ အကုန်လုံးသိပါတယ်။ ဒီလိုကင်းထောက် အဖွဲ့အစည်း ထဲမှာ နေခဲ့လို့ ဘယ်လိုအကျိုးအမြတ်တွေ ဖြစ်ခဲ့တယ်ဆိုတာလည်း ကျွန်မတို့သိပါတယ်။ ဒီအကျိုး အမြတ်တွေကို ကျွန်မတို့ရဲ့ လူငယ်များ အခုခေတ်သစ်လူငယ်များနဲ့ မျှဝေချင်လို့ ကျွန်မတို့ အခု ကင်းထောက်အသင်းထဲမှာ ဝင်ပြီးတော့ လှုပ်ရှားနေတာပါ၊ အဲဒီတော့ ကင်းထောက် မောင်မယ်များ ဟာလည်း ကိုယ့်ရဲ့တန်ဖိုးတွေ တစ်နိုင်ငံလုံးကို ပြန့်ပွားအောင်လို့ ကြိုးစားကြပါ။ ကင်းထောက်ထဲ ဝင်ပြီးတော့ ဘာ့ကြောင့် လုပ်တယ် ဆိုတာလည်း ဘယ်တော့မှ မမေ့ပါနဲ့လို့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟု ပြောကြားသည်။

ထို့နောက် တက္ကသိုလ်ကင်းထောက် အမျိုးသမီးငယ်များက “ငြိမ်းချမ်းရေး၏ သံတမန်များ” သီချင်းဖြင့် သရုပ်ပြဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တွေ့ဆုံပွဲအပြီးတွင် မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကင်းထောက်မောင်မယ်များ၊ ကင်းထောက်လူငယ်များနှင့် လည်းကောင်း၊ ကင်းထောက်အဖွဲ့ချုပ် နာယကများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ ကင်းထောက်ဖွဲ့စည်းပြီးသည့် တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်ကင်းထောက်အဖွဲ့ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအမျိုးသား ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီး ဒုတိယကင်းထောက်ချုပ်၊ မြန်မာနိုင်ငံ ကင်းထောက်ကြီးများ၊ ကင်းထောက်ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကင်းထောက် လူငယ်မောင်မယ်များနှင့် လည်းကောင်း၊ ကင်းထောက်အဖွဲ့ချုပ်နာယကများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ ကင်းထောက်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကိုယ်ပိုင်ပညာရေး ကျောင်းများ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ကင်းထောက်နည်းပြများ၊ ကြီးကြပ်များ၊ ဆရာ၊ဆရာများနှင့်လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကင်းထောက် ဘင်ခရာအဖွဲ့က အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အနုပညာဦးစီးဌာန အနုပညာ အထက်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိပြီး ပန်းချီ၊ ပန်းပုဌာန၌ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ သင်ကြားနေမှုကိုလည်းကောင်း၊ ပန်တျာ ဌာန၌ အက၊ စောင်း၊ ဆိုင်း၊ စန္ဒရား လက်တွေ့သင်ကြားနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကျောင်းဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။

အနုပညာဦးစီးဌာန အနုပညာအထက်တန်းကျောင်း (မန္တလေး) ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်တွင် ပန်းချီပန်းပု အနုပညာရှင် မျိုးဆက်များ၊ သဘင်အနုပညာရှင် မျိုးဆက်များ ပေါ်ထွန်းလာရေး၊ မြန်မာပန်းချီပန်းပု ပညာရပ်နှင့် သဘင်အနုပညာရပ်များအား လေးစားတန်ဖိုးထား၍ ထိန်းသိမ်းလာစေရေး၊ မိမိတို့တတ်ကျွမ်းသည့် ပန်းချီပန်းပု အနုပညာရပ်များ၊ သဘင်ပညာရပ်များအား မပျောက်ပျက်အောင် လက်ဆင့်ကမ်း သင်ကြားမည့် လူငယ်များ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်တွင် အနုပညာရှင်မျိုးဆက်သစ်များ ပေါ်ထွန်းလာရေး၊ မြန်မာရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များအား တန်ဖိုးထား၍ ထိန်းသိမ်း လာစေရေးနှင့် တိုးတက်ပြန့်ပွားဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ဖွင်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် အဓိကဘာသာရပ်အဖြစ် အက၊ ဆိုင်း၊ နှဲ၊ တယော၊ စန္ဒရား၊ စောင်း၊ အခြေခံပန်းချီ၊ စီးပွားရေးပန်းချီ၊ ရသပန်းချီ၊ ပန်းပုနှင့် စာပေဘာသာရပ်များကိုပါ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မန္တလေးတောင်တော်သို့ ရောက်ရှိပြီး ဆုတောင်းပြည့်ဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် ဆုတောင်းပြည့်ဘုရားအတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပြီး မန္တလေးတောင်တော်ပေါ်မှ မန္တလေးမြို့ စိမ်းလန်းစိုပြေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ကြည့်ရှုသည်။

(သတင်းစဉ်)

HOT NEWS
January 4,