ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု


Ministry of Information/ ​နေပြည်တော် / August 23, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ အရာထမ်း၊ အမှုထမ်း များနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး Auditorium ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားသည် ပြည်သူနှင့်အများဆုံး ထိတွေ့ဆက်ဆံရသည့်ဌာန တစ်ခုဖြစ်ပြီး မိမိတို့ ဝန်ကြီးဌာနတစ်ခုလုံးကို ထင်ဟပ်နေသည့် ပုံရိပ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သိသိသာသာ၊ ထင်ထင်ရှားရှား အများလေးစား အားကျလောက်သည့် ဌာနကြီးအဖြစ် ရှိနေစေချင်ပါကြောင်း၊ လုပ်ငန်းနှင့် ပတ်သက်သည့် အဆင့်အတန်း (Professional Standard) ကို ထိန်းသိမ်းပြီး ပိုမိုတိုးတက် မြင့်မားအောင် ကြိုးစားအားထုတ် စေချင် ပါကြောင်း၊ အများအတုယူစရာဖြစ်အောင် ပညာရှင်၏ အဆင့်အတန်း၊ ပညာရှင်၏ စံနမူနာကို အပြည့်အဝပြသနိုင်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ထို့နည်းတူ ရုပ်သံထုတ်လွှင့်နေသည့် အစီအစဉ်များ၊ တင်ဆက်ပုံများတွင်လည်း အမြဲတမ်း တီထွင်ဆန်းသစ် လုပ်ကိုင်ဆောင်ရွက်နေရန် လိုအပ်ပါကြောင်း၊ မိမိတို့ ယူထားသော မြန်မာ့အသံဆိုသည့် နာမည်နှင့်ထိုက်တန်စွာ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုသော အဖွဲ့အစည်း တစ်ခုအဖြစ် စဉ်ဆက်မပြတ်ကြိုးစားနေရန် လိုအပ်ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား က ပြောသည့် မြန်မာစကားသည် စံဖြစ်ရမည်ဖြစ်ပြီး အသံနှင့်လေယူလေသိမ်း မှန်ကန်စေရန် သတိထားစေ လိုပါကြောင်း၊ ထိုကဲ့သို့ စံများထိန်းသိမ်းခြင်းသည် မိမိတို့မဖြစ်မနေ လုပ်ဆောင် ရမည့် အခြေခံအလုပ်ဖြစ်ပြီး ထိုထက်မက တိုးတက်ရန်လည်း လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။

ပြောင်းလဲလာသည့် နည်းပညာကို ထိထိရောက်ရောက် အသုံးပြုရန်နှင့် နည်းပညာ အသစ်များကိုလည်း လေ့လာပြီး လက်တွေ့အသုံးချ လုပ်ကိုင်စေလိုပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ကြံဆပြီး လုပ်ကိုင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်မြင်ဌာနခွဲ၊ အသံလွှင့်ဌာနခွဲ၊ စက်မှုဌာနခွဲ၊ တေးဂီတဌာနခွဲ၊ NRC Channel ၊ Farmer Channel ၊ ဘဏ္ဍာရေးဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနခွဲတို့မှ အရာထမ်း၊ အမှုထမ်းများက အရည်အသွေးတိုးတက်ရန် အတွက် သင်တန်းတက်ရောက် ခွင့်ရရှိရေး၊ ဝန်ထမ်းများ ရာထူးတိုးမြှင့်ပေးရေး၊ လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြကြရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဝန်ထမ်းများ၏ တင်ပြချက် များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြား သည်။

ဆက်လက်၍ Conference Room ၌ ပြည်ထောင်စုဝန်ကြီးနှင့် အရာထမ်းများ တွေ့ဆုံရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရုပ်မြင်သံကြားနှင့် ရေဒီယိုများ တွင် ထုတ်လွှင့်ဖော်ပြ နေမှုများနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည် များကို ဆွေးနွေးမှာကြား ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားရှိ ရုပ်သံလွှင့်လုပ်ငန်းများ ဆောင်ရွက်နေမှု ၉ မီတာ၊ ၁၁ မီတာ စလောင်း၊ မြေပြင်အခြေစိုက် ဂြိုလ်တုရုပ်မြင်သံကြား လွှင့်တင်သည့်အခန်း၊ Central Equipment Room (CER)၊ ဗဟိုထိန်းချုပ်ခန်း(MCR)၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများ ထုတ်လွှင့်ပြသသော စက်များတပ်ဆင်ထားသည့် အခန်းများနှင့် ပြင်ပသတင်းနှင့် အစီအစဉ်များ ရိုက်ကူးပြီး ဂြိုလ်တုသို့ လွှင့်တင်သည့် ယာဉ်(DSNG Van) ကို လှည့်လည်ကြည့်ရှုကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,