Line Walker -2 ဇာတ်ကား ရန်ကုန်မြို့တွင် လာရောက်ရိုက်ကူးမှုနှင့် ပတ်သက်၍ စာနယ်ဇင်းမိတ်ဆက်

Line Walker -2 ဇာတ်ကား ရန်ကုန်မြို့တွင် လာရောက်ရိုက်ကူးမှုနှင့် ပတ်သက်၍ စာနယ်ဇင်းမိတ်ဆက်


Ministry of Information/ yangon / February 16, 2019
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁၅

လူကုန်ကူးမှုတိုက်ဖျက်ရေး နှိမ်နင်းမှု ဇာတ်လမ်းဖြစ်သည့် Line Walker -2 ဇာတ်ကားသည် ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်မှုကို ရိုက်ကူးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေမှုကို နိုင်ငံတကာသို့ ပြသနိုင်မည်ဖြစ်ပါ ကြောင်း၊ ယခု Action ဇာတ်လမ်း ရိုက်ကူးရာတွင် ပစ်ခတ်မှု၊ ဖောက်ခွဲမှု၊ မော်တော်ကားများ အပြိုင်မောင်းနှင်မှု၊ ယာဉ်တိုက်မှု၊ ရဟတ်ယာဉ်ပျံသန်းမှု စသည့်ဇာတ်ဝင်ခန်းများ ပါဝင်သဖြင့် ဌာနဆိုင်ရာ များကလည်း ဝိုင်းဝန်းကူညီမည်ဖြစ်၍ ပြည်သူများဘက်ကလည်း သတ်မှတ်နေရာမှ ကြည့်ရှုအားပေးခြင်း ဖြင့် ဝိုင်းဝန်းကူညီကြစေလိုပါကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြောသည်။

ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ကျင်းပသည့် Shaw Brother Pictures International Ltd က ၎င်းတို့၏ အထူးအောင်မြင်သော Line Walker ရုပ်ရှင်ဇာတ်ကား၏ အဆက်ဖြစ်သည့် Line Walker -2 ဇာတ်ကား ရန်ကုန်မြို့တွင် လာရောက်ရိုက်ကူးမှုနှင့် ပတ်သက်သည့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝိုင်းဝန်းကူညီဆောင်ရွက်

“မြန်မာနိုင်ငံ၌ ပြည်ပမှ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီက ကြီးမား၊ ကျယ်ပြန့်သည့် ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးမှု အစဉ်အလာ ယခင်က မရှိခဲ့သေးဘဲ ယခုမှ စတင်နိုင်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ တကာမြို့ပြများတွင် Action ဇာတ်လမ်းရိုက်ကူးခြင်းများ ပြုလုပ်နိုင်သည့်နည်းတူ မြန်မာနိုင်ငံ ရန်ကုန်မြို့ လယ်တွင်လည်း ရိုက်ကူးနိုင်ရန် MOI အနေဖြင့် ဌာနပေါင်းစုံနှင့် အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ပေါင်းစပ်၍ ဝိုင်းဝန်းကူညီဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း” ဦးအေးကြွယ်က ဆိုသည်။

ထို့အပြင် “မြန်မာနိုင်ငံမှာ ပြည်ပက ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးမှုအပါအဝင် စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ရာမှာလည်း နှောင့်နှေးကြန့်ကြာမှု၊ ခက်ခဲမှုမရှိတော့ဘဲ ပွင့်လင်းမြင်သာ အဆင်ပြေ ချောမွေ့လွယ်ကူစွာ ဆောင်ရွက်နိုင်မှုကို ပြသလိုပါတယ်။ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေဖို့ ကဏ္ဍစုံက ဆောင်ရွက်ပေးရာမှာ ယခုကဲ့သို့ ပြည်ပက ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခွင့်ပြုခြင်းလည်း တစ်ခု ပါဝင်ပြီး ဆက်သွယ်ဆက်ဆံမှု၊ ပေါင်းစပ်ဆောင်ရွက်မှု၊ အနုပညာနည်းပညာ စသည်တို့ အထောက်အကူ ရရှိစေမှာပါ။

ပြည်ပက ယခုလို ရုပ်ရှင်လာရောက်ရိုက်ကူးမှု၊ နာမည်ကျော် ရုပ်ရှင်ဇာတ်လမ်း နိုင်ငံတကာမှာ ပြသမှုတွေကတစ်ဆင့် မြန်မာနိုင်ငံအကြောင်းကို ကမ႓ာက ပိုမိုသိရှိလာပြီး မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ထိုမှတစ်ဆင့် နိုင်ငအတွက် ဝင်ငွေရရှိစေဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောကြား သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်ရှိ Shaw Brother Pictures International Ltd နှင့် J.Q. Pictures တို့မှ ပူးပေါင်းရိုက်ကူးခြင်းဖြစ်ပြီး ဒါရိုက်တာ Mr.Jazz Boon၊ ထုတ်လုပ်သူ Miss. Andrew Lau Wai- Keung၊ ဇာတ်ညွှန်း Mr. Chin Ka lok တို့နှင့် ဟောင်ကောင် သရုပ်ဆောင်များဖြစ်သည့် Louis KooTin – Lok နှင့် Nick Cheung Ka-Fai တို့ ပါဝင်ကြပြီး ယနေ့ကျင်းပ သည့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် Mr. Chin Ka Lok နှင့် ပရိုဂျူဆာ Mr. Ray Peng တို့က ဇာတ်ကားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ဇာတ်အိမ်တည်၍ ရိုက်ကူး

Line Walker -2 ဇာတ်ကားမှာ ဟောင်ကောင်ဂျာနယ်လစ်တစ်ဦးက ကလေးသူငယ် လူကုန်ကူးသည့် အုပ်စု၏ သတင်းကိုရရှိခဲ့ပြီး ရှာဖွေရာတွင် ဂျာနယ်လစ်ကို ကာကွယ်ပေးရန်၊ ဟောင်ကောင်သို့ ပြန်လည် ပို့ဆောင်ပေးရန် ကြိုးပမ်းသည့် စစ်ဆင်ရေးတစ်ခုကို ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ပူးပေါင်းကိုင်တွယ်ဖြေရှင်းပုံများကို ဇာတ်အိမ်တည်၍ ရိုက်ကူးထားခြင်းဖြစ်သည်။

“ရန်ကုန်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အကုန်လုံးညှိနှိုင်း ဆွေးနွေးကြတဲ့အချိန်မှာ စစချင်း အတွေ့အကြုံဖြစ်တဲ့အတွက် လူထုထိတ်လန့်မှုကို လျှော့ချဖို့ ဖောက်ခွဲဖျက်ဆီးမှုတွေနဲ့ အသုံးပြုမယ့် လက်နက်ခဲယမ်းတွေရဲ့ အခြေအနေတွေကို တုန်ခါမှုကို နည်းနည်းလျှော့ချထားတာပေါ့။ ရိုက်ကူးရေးအခြေ အနေမှာ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဌာနပေါင်းစုံနဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ပေါင်းစပ်ညှိနှိုင်းမှုမလုပ်ဘဲ ချက်ချင်းရိုက်လို့တော့ မရဘူး၊ ရုပ်ရှင်သမိုင်းအတွက် လမ်းပွင့် တာပေါ့” ဟု Yangon Synthesis Productions ကုမ္ပဏီ၏ အကြံပေးပုဂ္ဂိုလ် ရဲမှူးချုပ် ဝင်းခေါင်(ငြိမ်း)က ပြောသည်။

ကူညီပံ့ပိုးပေး

အဆိုပါဇာတ်ကားကို မြန်မာနိုင်ငံတွင် ပြည်ပမှ ရုပ်ရှင်ဇာတ်ကားများ လာရောက်ရိုက်ကူးသည့် စနစ်တစ်ခု စတင် အကောင်အထည်ဖော်နိုင်ရန်၊ နိုင်ငံတော်အစိုးရအနေဖြင့် ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီနေမှုကို ပြသနိုင်ရန်၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် အနုပညာဆိုင်ရာ အထောက်အကူများရရှိနိုင်ရန်၊ မြန်မာနိုင်ငံအကြောင်း ကမ႓ာက ပိုမိုသိရှိလာစေရန်၊ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ပေးနိုင်ရန်၊ မြန်မာနိုင်ငံတွင် ပြည်ပမှ ရုပ်ရှင် လာရောက်ရိုက်ကူးခြင်းများမှ နိုင်ငံတော် ဘဏ္ဍာငွေရရှိရန် စသည့်ရည်ရွယ်ချက်ဖြင့် ခွင့်ပြုခြင်းဖြစ်ပြီး အဆိုပါဇာတ်ကား မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးထားကြောင်း သိရသည်။

ရုပ်ရှင်ဖွံ့ ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က “ဒီဇာတ်ကားတစ်ထုပ်လုံးကို ဒီမှာရိုက်တာမဟုတ်ပါဘူး။ အစိတ်အပိုင်းတချို့ကို ရိုက်တာပါ။ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခန်းတချို့ရယ်၊ ဖိလစ်ပိုင်နိုင်ငံမှာ ရိုက်ရမယ့် ဇာတ်ဝင်ခန်းတချို့ကို လာရောက်ရိုက်ကူးတာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်မှာ အရင်းနှီးဆုံးနဲ့ အလွယ်ကူဆုံးပေးနိုင်တာက ရိုက်ကွင်းရိုက်ကွက်တွေပါပဲ။ ဒီဇာတ်ကားမှာ ရိုက်ကွင်း ရိုက်ကွက်တွေက ကောင်းစွာပါဝင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မူရင်းရိုက်ကွင်းတင်မက ဖိလစ်ပိုင်နိုင်ငံ ရဲ့ ရိုက်ကွင်းရိုက်ကွက် ပုံစံမျိုးပါ ပြုလုပ်ပြီး ရိုက်ကူးနိုင်တာကြောင့် အာဆီယံနိုင်ငံတွေထဲက အခြား ရိုက်ကူးလိုသူတွေ လာရောက် ရိုက်ကူးနိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ပါသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ဆိုတာကို ပြချင်လွန်းလို့ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရား၊ မဟာဗန္ဓုလပန်းခြံတို့ကို ရွေးရတာ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက်လည်း အနှောင့်အယှက် မဖြစ်ရလေအောင် နိုင်ငံက ရရှိမယ့် အခွန်အခ တွေလည်း ကိုယ့်ရုပ်ရှင်လောကသားတွေ အတတ်ပညာဖြင့် ရယူနိုင်အောင် စီစဉ်ထားပါတယ်” ဟု ပြောသည်။

အဆိုပါဇာတ်ဝင်ခန်းအချို့ လာရောက် ရိုက်ကူးရာတွင် ဟောင်ကောင်နှင့် နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးလေ့ရှိသည့် ပုံစံအတိုင်း အချိန်သတ်မှတ်ချက်များဖြင့် လမ်းများပိတ်၍ ရိုက်ကူးခြင်း၊ လမ်းလွဲများ ပြုလုပ်၍ ရိုက်ကူးခြင်း၊ သေနတ်အစစ်များ၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဖောက်ခွဲခြင်း၊ ကားများ အချင်းချင်း ပွတ်တိုက်ခြင်း၊ ရဟတ်ယာဉ်များ သုံးစွဲပြီးပစ်ခတ်ခြင်း၊ ရဲကားများ၊ အထူးရဲတပ်ဖွဲ့ဝင်ကားများ အသုံးပြုပြီး နိုင်ငံတကာအဆင့်မီ အက်ရှင်ဇာတ်ကားကောင်း တစ်ကားအဖြစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက Line Walker -2 ဇာတ်ကား၏ ဇာတ်ဝင်ခန်း အချို့ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ စတင်ရိုက်ကူးခဲ့ကြောင်း သိရသည်။

သတင်း-ဝင်းဝင်းမော်၊ ဥမ္မာသန့်၊ နေလင်း

ဓာတ်ပုံ-လှမိုး

HOT NEWS
January 4,