MOFCOM ပညာသင်ဆုများသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာအထောက်အကူပြုနိုင်ငံအတွက် သစ္စာရှိရှိနှင့် အားကိုးအားထားပြုရသည့် စွမ်းဆောင်ရည်ပြည့်ဝသူများ ဖြစ်လာစေရေးကြိုးစားအားထုတ်
MOFCOM ပညာသင်ဆုများသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာအထောက်အကူပြုနိုင်ငံအတွက် သစ္စာရှိရှိနှင့် အားကိုးအားထားပြုရသည့် စွမ်းဆောင်ရည်ပြည့်ဝသူများ ဖြစ်လာစေရေးကြိုးစားအားထုတ်
Ministry of Information/ Naypyitaw / August 25, 2025

နေပြည်တော် ဩဂုတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းက ကြီးမှူးပြုလုပ်သည့် မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများ၏ လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း အစီရင်ခံစာ-၂၀၂၅ ဖွင့်ပွဲနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce- MOFCOM) ပညာသင်ဆုပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များအသင်း (CECCM) အနေဖြင့် တရုတ်စီးပွားရေး လုပ်ငန်းများ၏ လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း အစီရင်ခံစာ-၂၀၂၅ ထုတ်ပြန်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း အစီရင်ခံစာသည် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေနပ်ဖွယ်ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသဆိုင်ရာ လိုအပ်ချက်များအရ လူမှုအသိုင်းအဝိုင်းအတွက် အထောက်အပံ့ကောင်းများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော ပံ့ပိုးကူညီမှုများ ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr. Liu Ming က အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက တရုတ်စီးပွားရေးလုပ်ငန်းများ၏ ဒေသခံပြည်သူများအတွက် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက အသင်းမှ ဆောက်လုပ်လှူဒါန်းသော စစ်ကိုင်းမြို့ရှိ ရွှေမင်းဝန်ဈေးသစ်စီမံကိန်းကို လွှဲပြောင်းပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက လက်ခံရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce- MOFCOM) က ကြီးမှူးပြုလုပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ပညာသင်ဆုပေးအပ်ပွဲသို့ တက်ရောက်သည်။
ပညာသင်ဆု ပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက MOFCOM ပညာသင်ဆုများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှပေးအပ်သည့် MOFCOM ပညာသင်ဆုများသည် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာ အထောက်အကူပြုစေပါကြောင်း၊ အရည်အချင်းပြည့်မီပြီး ပညာသင်ဆု ရွေးချယ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းများကို ကျောင်းဝင်ခွင့်လက်မှတ် (Admi-ssion Letter) ချီးမြှင့်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်းသည် ပြည်သူ့ဝန်ဆောင်မှုများတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ပညာသင်ကာလ ပြီးဆုံးပါက လေ့လာဆည်းပူးခဲ့သည့် အသိပညာဗဟုသုတများကို လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးပြုရန်နှင့် နိုင်ငံအတွက် သစ္စာရှိရှိနှင့် အားကိုးအားထားပြုရသည့် စွမ်းဆောင်ရည်ပြည့်ဝသော လူသားအရင်းအမြစ်များဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တရုတ်သံအမတ်ကြီးနှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူးတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တက္ကသိုလ်များမှ ကျောင်းဝင်ခွင့်လက်မှတ် (Admission Letter)များကို ပညာတော်သင်ဆု ရွေးချယ်ခြင်းခံရသည့် အရာထမ်း၊ အမှုထမ်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်