Web Design HTML5 and CSS3 နှင့် Windows Server Administration Course-I သင်တန်း

Web Design HTML5 and CSS3 နှင့် Windows Server Administration Course-I သင်တန်း


Ministry of Transport and Communications/ Naypyitaw / May 10, 2023
image_latest


   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Web Design HTML5 and CSS3 နှင့် Windows Server Administration Course-I သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို မေလ (၈) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား (၅၂)ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယနေ့ဖွင့်လှစ်သည့် သင်တန်းများသည် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ ပထမဆုံးဖွင့်လှစ်သည့် သင်တန်းများဖြစ်ကြောင်း၊ ၂၀၂၂-၂၃ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း သင်တန်းအမျိုးအစား (၁၆) မျိုးအား သင်တန်းအကြိမ်အရေအတွက် (၃၁)ကြိမ်ဖြင့် အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား စုစုပေါင်း (၇၈၀)ဦးကို လုပ်ငန်းခွင် အထောက်အကူပြု ICT Skill နှင့် ပတ်သက်ပြီး လေ့ကျင့်သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း၊  Web Design HTML5 and CSS 3 သင်တန်းသည် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနများ၏ ကိုယ်ပိုင် Website များ လွင့်တင်ထားရာတွင် လိုအပ်သော Web Design အခြေခံများသိရှိနားလည်ပြီး  မိမိတို့ဌာန၏ Websites Design များကို  စိတ်ကြိုက် Layout တွေအသုံးပြု၍  ပြုပြင်ဖန်တီး တည်ဆောက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်းနှင့် Windows Server Administration Course–I သင်တန်းသည် Windows Server ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပြီး Server Administrator တစ်‌ယောက်အနေနဲ့ မိမိဌာနအတွင်း ပြန်လည် လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းတို့ ပြောကြားခဲ့ပါသည်။

   ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ မိမိတို့ သင်တန်းနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးတက်စေရန် လေ့လာဆည်းပူး၍ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြရန် နှင့် မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်ရန် ကြိုးစားလေ့လာကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

   Web Design HTML5 and CSS3 သင်တန်းသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး Windows Server Administration Course-I သင်တန်းသည် ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။