ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 19, 2020


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင် သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

၂။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်၊ နေ့လယ်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့သည်။ လေဆိပ်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူ များမှ ကြိုဆိုခဲ့ကြသည်။

၃။ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧည့်သည်တော်သမ္မတ မစ္စတာ ရှီကျင့်ဖျင်အား သမ္မတအိမ်တော်၊ မြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ရှီကျင့်ဖျင်အား သမ္မတအိမ်တော်၌ ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဧည့်သည်တော်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် နိုင်ငံတော်သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် နှစ်ဖက်ခေါင်းဆောင်များက မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံမှု ခိုင်မာစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ရှိသည့် ဘက်စုံမဟာ‌ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား အေးအတူပူအမျှအဖြစ် တိုးမြှင့်သွားနိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပူးတွဲကျင်းပသွားရေးနှင့် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များက သက်ဆိုင်ရာနိုင်ငံများ၌ တည်ငြိမ်‌အေးချမ်းရေး၊ သာယာဝပြောရေးနှင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်ရာတွင် အောင်မြင်တိုးတက်မှုများ ပိုမိုရရှိရေးအတွက် အပြန်အလှန် ဆန္ဒပြုခဲ့ကြသည်။

၄။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်အား နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ ဂုဏ်ပြုညစာစားပွဲတွင် ခေါင်းဆောင်နှစ်ဦးက ဆုတောင်းမိန့်ခွန်းများ အပြန်အလှန် ပြောကြားခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်များမှ နှစ်ဦးနှစ်ဖက်၏ အကျိုးစီးပွား ပိုမို တိုးတက်ကောင်းမွန်စေရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားကြရန် ဆန္ဒရှိမှုကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

၅။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ခေါင်းဆောင်သော တရုတ်ကိုယ်စားလှယ်အဖွဲ့သည် သမ္မတအိမ်တော်မှ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ သို့ ထွက်ခွာခဲ့သည်။ သမ္မတ မစ္စတာ ရှီကျင့်ဖျင်အား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ တွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥကဋ္ဌ မန်းဝင်းခိုင်သန်းတို့က ကြိုဆိုနှုတ်ဆက်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ မစ္စတာ ရှီကျင့်ဖျင်သည် နိုင်ငံရေးပါတီ (၁၇) ဖွဲ့မှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂ တွင် ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ဆယ်စုနှစ် (၇) ခုအတွင်း နှစ်နိုင်ငံ အပြန်အလှန်ခရီးစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ နှစ်ဖက်ခေါင်းဆောင်များသည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားနှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့မှ အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ပြီး နှစ်နိုင်ငံသမ္မတများက မြန်မာ-တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်းအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ယင်းအခမ်းအနားတွင် မြန်မာနှင့်တရုတ်နှစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့များက တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ရိုးရာအကများ ဖျော်ဖြေ တင်ဆက် ခဲ့ကြသည်။

၆။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ ဦးဆောင်၍ နှစ်နိုင်ငံဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတအိမ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။ နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် နှစ်ဖက် ခေါင်းဆောင်များက လက်ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးအား နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုအတွက် အေးအတူပူအမျှ ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံအကြား ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ၊ အခြေခံအဆောက်အအုံစီမံကိန်းများ ပါဝင်သည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများအား နှစ်နိုင်ငံလုံးတွင် တစ်နှစ်ပတ်လုံး ကျင်းပသွားရေး၊ နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဆက်ဆံမှုတိုးမြှင့်စေရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်ဖက်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် ပိုမို နီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအစရှိသည့်ကိစ္စရပ်များကို အလေးထား ဆွေးနွေး ခဲ့ကြသည်။

၇။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးတို့၏ အရေးပါမှုကို အလေးထားပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် မြန်မာနိုင်ငံ အစိုးရ၏ ကြိုးပမ်းနေမှုတို့အား တရုတ်နိုင်ငံမှ ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းကို ခေါင်းဆောင်နှစ်ဦးက ထပ်လောင်းကတိပြုခဲ့ကြသည်။ ဆွေးနွေးပွဲ တွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လာမည့် (၃) နှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအဖြစ် ယွမ် (၄) ဘီလီယံအား ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။

၈။ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတတို့သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာများနှင့် စာလွှာများ လဲလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ နားလည် မှုစာချွန်လွှာ၊ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူ စာချုပ်လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ၊ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု သဘောတူညီချက်၊ ရန်ကုန်ရဲကွပ်ကဲမှုဗဟိုဌာနအား လွှဲပြောင်းခြင်း စာလွှာ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် (၆) စီး ပေးအပ်ရေး လဲလှယ်မှုစာလွှာ၊ (၃) နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ လဲလှယ်မှုစာလွှာ၊ တရုတ်အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် မြန်မာပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်၊ ၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြား သီတင်းပတ်၏ “မြန်မာနေ့” ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်၊ မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့် ပြုပြင်ထုတ်လုပ်ထားသော ပိုးအိမ်ခြောက်များ တင်ပို့ခြင်းဆိုင်ရာ သဘောတူ စာချုပ်၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲနွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေး လိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်၊ စိုက်ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာနစီမံကိန်းဆိုင်ရာစာလွှာ၊ စပ်မျိုးစပါး သုတေသနဗဟိုဌာန စီမံကိန်းဆိုင်ရာစာလွှာ၊ အတိုးမဲ့ချေးငွေဖြင့် လူစီး ရထားတွဲများဝယ်ယူရေး အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူစာချုပ်၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ၊ ကွမ်းလုံတံတားစီမံကိန်း အကောင်အထည်ဖော်မှု ဆိုင်ရာ သဘောတူညီချက်၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ လဲလှယ်မှုစာလွှာ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက် ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည် ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ရန်ကုန်မြို့တော်အတွက် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် စာလွှာ၊ နှစ်နိုင်ငံ သံရုံးမြေနှင့် အဆောက်အအုံ အပြန်အလှန်ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်၊ နှစ်နိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့် ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုအစီရင်ခံစာ လွှဲပြောင်းခြင်းစာလွှာနှင့် မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းခြင်းစာလွှာတို့အား လဲလှယ်ခဲ့ကြသည်။ ထို့ပြင် ရန်ကုန်မြစ်ဝ အနောက်ဘက်ကမ်းထိန်းသိမ်းရေး စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မန္တလေး-ပုဂံ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု နားလည်မှုစာချွန်လွှာ၊ မီးလင်းချိုင်သဘာဝ ဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာနှင့် “ဝ” တစ်လုံးဥမင်လိုဏ်ခေါင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာတို့အား ခရီးစဉ်အတွင်း သီးခြား လက်မှတ်ရေးထိုးခဲ့ကြသည်။

၉။ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင် သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား Horizon Lake View ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့သည်။ ဆက်လက်၍ သမ္မတ ရှီကျင့်ဖျင်သည် ရွှေစံအိမ်ဟိုတယ်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ နေ့လယ်စာ စားပွဲအပြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ပေကျင်းမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

၁၀။ ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံ ပူးတွဲသတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား အစဉ်အလာရှိသည့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ မဟာဗျူဟာမြောက် မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး သာတူညီမျှရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်စေရေးအတွက် အေးအတူပူအမျှ အသိုက်အဝန်းတည်ထောင်ရန် နှစ်ဖက်သဘောတူညီခဲ့သည်။ တရုတ်ပြည်သူများ အနေဖြင့် ရာပြည့်ပန်းတိုင်နှစ်ခု ရည်မှန်းချက်နှင့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံတော်ပြန်လည်ဆန်းသစ်ရေး အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် တရုတ် နိုင်ငံဘက်မှ ဆန္ဒပြုခဲ့သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ကို ခိုင်မာမြဲမြံစွာ လိုက်နာမှု အပေါ်တွင်လည်း ကျေနပ်အားရမှုရှိကြောင်းကို နှစ်နိုင်ငံစလုံးမှ ထုတ်ဖော်ပြောကြားခဲ့သည်။

၁၁။ “ရပ်ဝန်းနှင့် လမ်းကြောင်း” ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ မဏ္ဍိုင် (၃) ရပ်ဖြစ်သော ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များနှင့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်အပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများဆိုင်ရာ မူဘောင်ကို အကောင်အထည်ဖော်ဆောင်ရေး ကြိုးပမ်းသွားကြရန် နှစ်ဖက်သဘောတူခဲ့ ကြသည်။

၁၂။ မြန်မာနိုင်ငံ၏ နိုင်ငံအခြေအနေနှင့်ကိုက်ညီသော၊ နိုင်ငံ၏ တရားဝင်ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့ကို ကာကွယ်သော၊ နိုင်ငံတကာစာမျက်နှာတွင် နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သော၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံက ရွေးချယ်ထားသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တရုတ်နိုင်ငံမှ အပြည့်အဝထောက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံမှ ခွဲထွက်၍ မရသည့် အစိတ်အပိုင်းများဖြစ်ကြသော ထိုင်ဝမ်၊ တိဗက်နှင့် ရှင်းကျန့်ကိစ္စတို့ကို ဖြေရှင်းရန် တရုတ်နိုင်ငံ၏ကြိုးပမ်းမှုကို ထောက်ခံအားပေးသည့် ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့သည်။

၁၃။ ပင်လုံညီလာခံစိတ်ဓာတ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက် အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက ထောက်ခံကြောင်း မြန်မာဘက်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ် နိုင်ငံမှ အပြုသဘောဆောင်သည့် အကူအညီများ ပေးအပ်နေခြင်းကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံက ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတို့ကို မြှင့်တင်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်များ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား နှစ်နိုင်ငံသဘောတူညီချက်ကို အခြေခံ၍ စိစစ်ပြီးသော နေရပ်စွန့်ခွာသူများကို မြန်မာနိုင်ငံမှ ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားမှုကို မြန်မာနိုင်ငံက ထပ်လောင်း အတည်ပြု ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်၏ ရှုပ်ထွေးမှုအပေါ် နားလည်ပေးမှုနှင့် ထောက်ခံအားပေးမှုတို့အတွက် မြန်မာနိုင်ငံက ကျေးဇူးတင်ရှိသည်။

၁၄။ ၂၀၂၀ ပြည့်နှစ်ကို “မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်” အဖြစ် သတ်မှတ်သွားရေး၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် (၇၀)ပြည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ပူးတွဲကျင်းပသွားနိုင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သာသနာရေးနှင့် သတင်းမီဒီယာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် လူမှုရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုနှင့် ရင်းနှီးချစ်ကြည်မှု ပိုမိုနက်ရှိုင်းစေရေးအတွက် ဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြသည်။ ကုလသမဂ္ဂ၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပိုမို နီးကပ်စွာ ဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။

၁၅။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ၎င်းသမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့သော ခရီးစဉ် ဖြစ်ရုံသာမက (၁၉) နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်သည့် တရုတ်နိုင်ငံသမ္မတခရီးစဉ်ဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါသော သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်သည်။ ထို့ပြင် ဤချစ်ကြည်ရေး ခရီးစဉ်သည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင် သည့် နှစ် (၇၀) ပြည့်မြောက်သည့် နှစ်တွင် လာရောက်ခြင်းဖြစ်သည်။

၁၆။ ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များက ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအဆင့်မှ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး သာတူညီ မျှရှိသော ပူးပေါင်းဆောင်ရွက်မှုအပေါ်အခြေခံသည့် မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ထောင်ရေးအဆင့်သို့ မြှင့်တင်သွားရန် သဘောတူညီခဲ့ကြသည်။ ထို့ပြင် သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှင့် စာလွှာ စုစုပေါင်း (၃၃) ခုတို့ကို လက်မှတ်ရေးထိုး လဲလှယ်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မာစေခဲ့သကဲ့သို့ ကဏ္ဍစုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုကျယ်ပြန့်စေရန် အားသစ် လောင်းပေးခဲ့သည့် ချစ်ကြည်ရေးခရီးဖြစ်သည်။

 

နိုင်ငံခြားရေး၀န်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက်။