ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ (ပထမနှစ်) သင်တန်းသား/ သင်တန်းသူများ အတည်ပြုရွေးချယ်

ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ (ပထမနှစ်) သင်တန်းသား/ သင်တန်းသူများ အတည်ပြုရွေးချယ်


Ministry of Information/ ​ရန်ကုန် / November 09, 2019
image_latest


ရန်ကုန် နိုဝင်ဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် (ပထမနှစ်) သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူ များအား အတည်ပြုရွေးချယ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

လူတွေ့စိစစ်၍ အတည်ပြုရွေးချယ်

နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူ များကို ရွေးချယ်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၅ ကျောင်းမှ အခြေခံပညာ အထက်တန်းအောင်မြင်ပြီး သတ်မှတ်အမှတ် ပြည့်မီသူများနှင့် တိုင်းဒေသကြီး ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ အခြေခံ ပညာ အထက်တန်း အောင်မြင်ပြီးသူများအား ဝင်ခွင့်ရေးဖြေ စာမေးပွဲကို သက်ဆိုင်ရာဒေသ များတွင် ဝင်ရောက်ဖြေဆိုစေခဲ့ကာ ရေးဖြေအောင်မြင်သူများအနက် ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား တိုင်းရင်းသူများကို ဦးစားပေး၍ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး သင်တန်းသားရွေးချယ်ရေး ကော်မတီများမှ ပဏာမ ရွေးချယ်ခဲ့ ပြီးနောက် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီသို့ တင်ပြအတည်ပြုပြီး သင်တန်းသား ရွေးချယ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့က လူတွေ့စိစစ်၍ အတည်ပြု ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးမည်

ယခုပညာသင်နှစ်တွင် ဒီဂရီကောလိပ်(ရန်ကုန်)အတွက် သင်တန်းသား ရွေးချယ်ရေး ဗဟို ကော်မတီက စိစစ်ရွေးချယ်ပေးခဲ့သော မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ ၃၆၇ ဦးအား ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ (၄) နှစ်၊ A.G.T.I ဒီပလိုမာ (၃) နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးပါက ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးပြီး ဝန်ကြီးဌာနများတွင် အကြီးတန်းစာရေး အဆင့်တူ ရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပထမနှစ် သင်တန်းသားများထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများ၊ အင်ဂျင်နီယာ လက်တွေ့ အလုပ်ရုံများ၊ ဒီဂရီကောလိပ် ဆေးခန်း၊ ကျောင်းဝင်းအတွင်း ကိုယ်လက် ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် အားကစားကွင်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

သတင်းစဉ်