ဒုတိယဝန်ကြီး ဦးအောင်ထူး E-Commerce Virtual Conference သို့ တက်ရောက်

ဒုတိယဝန်ကြီး ဦးအောင်ထူး E-Commerce Virtual Conference သို့ တက်ရောက်


Ministry of Information/ ​နေပြည်တော် / May 30, 2020
image_latest


နေပြည်တော်  မေ ၂၉

E-Commerce Virtual Conference ကို မေ ၂၈ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဤကွန်ဖရင့်အား ကိုဗစ်ကပ်ရောဂါ ကြောင့် New Normal အဖြစ် Tele-Conference ပုံစံကျင်းပရာတွင် နေရာ မျိုးစုံမှ ပါဝင်တက်ရောက်နိုင်ခြင်းသည် အားသာချက်ဖြစ်ပါကြောင်း၊ Online အသုံးပြု ကူးသန်းရောင်းဝယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စနစ်တကျ ဖြစ်ပေါ်တိုးတက်စေရေးသည် ဝန်ကြီးဌာန၏ ရည်မှန်းချက် ဖြစ်ပါကြောင်း၊ E-Commerce Business Model များအရ ချိတ်ဆက် ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားတစ်ခု ဖြစ်စေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ E-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးစိတ်အားထက်သန် မှုကို ဤကွန်ဖရင့်က ပြသနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နိုင်ငံတော်အစိုးရက ထုတ်ပြန်သည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီ အစဉ် COVID-19 Economic Relief Plan-CERP ကို အသင်းချုပ်က ကြိုဆို ထောက်ခံပါကြောင်း၊ ကိုဗစ် ကပ်ရောဂါကြောင့် ဒစ်ဂျစ်တယ်စီးပွားရေးပုံစံ မြန်ဆန်စွာဖြစ်ထွန်းလာသဖြင့် နိုင်ငံတော်က ချမှတ်သည့် မူဝါဒများနှင့်အညီ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် E-Commerce အောင်မြင်ဖွံ့ဖြိုးစေရေးနှင့် ပြည်သူလူထုကြားတွင် ယုံကြည် လက်ခံလာစေရန် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က CERP အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဌာနက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ကွန်ဖရင့်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် CERP ၏ ပန်းတိုင် ၅ အောက်ရှိ E-Commerce ဆိုင်ရာဆောင်ရွက်ရန် စီမံချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရဌာန/ အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များက ရင်ဆိုင်နေရသည့် စိန်‌ခေါ်မှုနှင့် အကြံပြုချက်များအား Panel Session လေးခုဖြင့် ဆွေးနွေးခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းနှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် Industry Player များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ E-Commerce Virtual Conference သို့ အစိုးရဌာန/အဖွဲ့ အစည်းများ၊ ကော်မတီများ၊ အသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသော ပြည်တွင်း ပြည်ပမှ စာရင်းပေး တက်ရောက်ခဲ့သူများ စုစုပေါင်း ၄၅၀ ရှိကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,