ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မေမြို့ထင်းကြိုးဝိုင်းအတွင်းရှိ ကော်ဖီခြံများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မေမြို့ထင်းကြိုးဝိုင်းအတွင်းရှိ ကော်ဖီခြံများအား ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / September 15, 2021
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး‌ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မြန်မာနိုင်ငံကော်ဖီအသင်းမှ ကော်ဖီကျွမ်းကျင်ပညာရှင်များနှင့်အတူ မေမြို့ထင်းကြိုးဝိုင်း အကွက်အမှတ်(၂၃) ၁/၁၉၈၅ စီးပွားရေးထင်းရှူးစိုက်ခင်း အတွင်းရှိ သစ်တောဦးစီးဌာနက စမ်းသပ်စိုက်ပျိုးထားသော ကော်ဖီ(၅)ဧက၏ အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေနှင့် အလားလာကောင်းများရှိနိုင်မှု အခြေအနေတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့သို့ ရေပေးဝေလျက်ရှိသည့် အထက် သစ်တစ်ပင်ရေကန်၊ အောက်သစ်တစ်ပင်ရေကန်နှင့် နောင်ခမ်းကြီးကျေးရွာသို့ ရေပေး ဝေလျက်ရှိ သည့်နောင်ခမ်းကြီးရေကန်တို့၏ ရေဝေရေလဲဒေသဖြစ်သော တောင်ပြိုတိုးချဲ့ ကြိုးဝိုင်းအကွက်အမှတ် (၇)အတွင်း တည်ထောင်စိုက်ပျိုးထားသည့် ၁/၂၀၁၇ ရေဝေရေလဲ စိုက်ခင်း (၁၀၀)ဧကအား သွားရောက် စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံဝန်ထမ်း ကောင်း ပီသစွာဖြင့် ရည်မှန်းချက်တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ တာဝန် ထမ်းဆောင်ကြရာတွင် ဌာနအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု (Team Work)အား ကောင်းကောင်း ဖြင့်ဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနလမ်းညွှန်ချက်များ အတိုင်း လိုက်နာနေထိုင်ကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မေမြိုထင်းကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုစိုက်ပျိုးနေသော ကော်ဖီခြံများအား ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံ သစ်တောကျောင်းက တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ထားသည့် လေ့ကျင့်ရေးသစ်တော(၅၀၀)ဧကအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ သဘာဝတောထိန်းသိမ်းမှု ကောင်းမွန်၍ ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝသည့်အတွက် လေ့ကျင့်ရေးသစ်တောအား ဆက်လက်၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် မှာကြားခဲ့သည်။

(သတင်းစဉ်)