ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပ သည့် ဒုတိယအကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲသို့ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပ သည့် ဒုတိယအကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲသို့ တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ ရှန်ဟိုင်း / November 09, 2019

နေပြည်တော် နိုဝင်ဘာ ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ရှိ National Convention and Exhibition Center ၌ နိုဝင်ဘာ ၅ ရက်က ကျင်းပသည့် ဒုတိယ အကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲသို့ နိုင်ငံပေါင်း ၁၅၅ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၂၂ ခုတို့မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
ဒုတိယအကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနား တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က အဖွင့်မိန့်ခွန်းပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတများက အသီးသီးမိန့်ခွန်းပြောကြားကာ ဒုတိယ အကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲကို ဖွင့်လှစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ Shanghai National Convention and Exhibition Center ၌ ကျင်းပသည့် Second Hongqiao International Economic Forum 28 သို့ တက်ရောက်ခဲ့သည်။
မြန်မာပြခန်းများအား ကြည့်ရှုအားပေး
နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယအကြိမ်မြောက် တရုတ် အပြည်ပြည်ဆိုင်ရာ သွင်းကုန် ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေကြသည့် မြန်မာကုန်သည် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ ပြခန်းတွင်တွေ့ဆုံ၍ ပြပွဲ၌ပါဝင်ပြသသည့် ထွက်ကုန် ပစ္စည်းများ၏ ဈေးကွက်အခြေအနေ၊ အခက်အခဲများနှင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်သည် များကို ရင်းနှီးစွာဆွေးနွေးခဲ့ပြီး မြန်မာပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ သက်တမ်း ၁၄၀၀ ကျော်ရှိ ကျင့်အန်းစစ် ဗုဒ္ဓဘုရားကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် Dr. Hui Ming အား ဖူးမြော်ကာ ဘုရားကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။ ယင်းနောက် ရှန်ဟိုင်း မြို့ ပူသုံး Pilot Free Trade Zone ရှိ လုပ်ငန်းများကို သွားရောက်လေ့လာသည်။
မြန်မာကုမ္ပဏီ ၃၅ ခု ပါဝင်ပြသ
အဆိုပါ ဒုတိယအကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လက်ဖက်နှင့် စားသောက်ကုန်များ၊ ကျောက်မျက်ရတနာများ၊ ဓာတ်သတ္တုများကို မြန်မာကုမ္ပဏီ ၃၅ ခုမှ ပါဝင်ပြသကြကြောင်း သိရသည်။
သတင်းစဉ်