ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ဦးစီးမှူး များနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ဦးစီးမှူး များနှင့် တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / January 22, 2020
image_latest


နေပြည်တော်  ဇန်နဝါရီ   ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ဦးစီးမှူးများနှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကို တာဝန်သိပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်တတ်သည့် ဝန်ထမ်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါကြောင်း၊ ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံအတွက် မရှိမဖြစ် ဌာနအဖြစ်ရပ်တည်နိုင်ရန်နှင့် ဝန်ထမ်းများသည်လည်း ဌာနအတွက် မရှိမဖြစ် လိုအပ်သူများအဖြစ် အရေးပါနေစေရန် အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါကြောင်း။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုပေးရသည့် ဌာနတစ်ခုဖြစ်သည့်အတွက် အများအသိအမှတ်ပြု လက်ခံနိုင်ရန် အစဉ် ကြိုးစားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာသည့် ခေတ်ကာလနှင့်အညီ ပြည်သူအတွက် လိုက်ပါဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းများ ဖြစ်စေလိုပါကြောင်း။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးစာပေပွဲတော်များကို ဦးဆောင်ကျင်းပလျက်ရှိပါကြောင်း၊ ယခုအခါ အများပြည်သူအားလုံးနှင့် သက်ဆိုင်သည့် ပွဲတော်တစ်ခုအဖြစ် စိတ်ဝင်စားပြီး လက်ခံလာမှုကြောင့် ဒေသအလိုက် စီစဉ်ကျင်းပမှုများလည်း ရှိလာပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စတင်ခဲ့ရာမှ ယခုအခါ ပြည်သူများ၏ စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြို့နယ်အဆင့်အထိ ကလေးစာပေပွဲတော်များ ကျင်းပနေကြပါကြောင်း။

အလားတူ ဦးစီးဌာန၏ ပြည်သူ့စာကြည့်တိုက်များကို အများပြည်သူနှင့် သက်ဆိုင်သည့်နေရာ (Community Centre)အဖြစ် ပေါ်ပေါက်လာစေရန် စီစဉ်ဆောင်ရွက် ခဲ့ပါကြောင်း၊ စာကြည့်တိုက်များမှတစ်ဆင့် ပြည်သူများ အသိပညာတိုးတက် ပြန့်ပွားရေးအတွက် လုပ်ဆောင်နေပါကြောင်း၊ ယခုအခါ လူထုဗဟိုပြုဌာနများအဖြစ် ပြောင်းလဲ ဖော်ဆောင် လျက်ရှိရာ အများပြည်သူ ပါဝင်ကိုယ်စားပြုသည့်၊ အများပြည်သူ၏ သဘောထားများကို ဖော်ထုတ်ပေးနိုင်သည့် နေရာများအဖြစ် ပီပြင်လာစေရန် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်းမှုများအနက် ပြည်သူအများ ပါဝင်လုပ်ဆောင်သည့် စာဖတ်ဝိုင်းများနှင့် ပြည်သူ့စကားဝိုင်းများ ကျင်းပမှုများ တွေ့ရှိရပါ ကြောင်း။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားသည့် ဌာနတစ်ခုဖြစ်ရာ ဌာနမှ ဝန်ထမ်းများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် အများပြည်သူကို သတင်းအချက်အလက် ပြန်ကြားပေးသည့် တာဝန်၊ သတင်းအချက်အလက်များ စုစည်းသည့် တာဝန်ကိုလည်း ထမ်းဆောင်နေကြပါကြောင်း၊ ထိုသို့ သတင်းအချက်အလက်များကို စုစည်းသည့်အဆင့်မှ ထူးချွန်သည့် သတင်းမီဒီယာသမားများ ဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ယနေ့ခေတ်သည် အွန်လိုင်းမီဒီယာထွန်းကားနေသည့် ကာလဖြစ်သည့်အတွက် မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိမြို့နယ်နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ပြည်သူထံတင်ပြရင်းဖြင့် ထူးချွန်သည့် သတင်းမီဒီယာသမားများ ဖြစ်လာမည့် အခွင့်အရေး များစွာ ရှိနေပါကြောင်း၊ ထိုကဲ့သို့ တာဝန်များကို ကြိုးပမ်းဆောင်ရွက်ရင်း ဝန်ထမ်းများသည် တာဝန်ထမ်းဆောင်ရာ ဒေသအတွက်၊ ဌာနအတွက် မရှိမဖြစ် လိုအပ်သူများ ဖြစ်လာမည်ဖြစ်သလို ဌာနသည်လည်း နိုင်ငံအတွက် မရှိမဖြစ် အရေးပါလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက် များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြည့်စွက်ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်

HOT NEWS
January 4,