မကွေးပြည်သူ့ဆေးရုံကြီးတွင် ဆီးချို၊ သွေးချိုရောဂါပညာပေးကုသဌာန ဖွင့်ပွဲကျင်းပ
မကွေးပြည်သူ့ဆေးရုံကြီးတွင် ဆီးချို၊ သွေးချိုရောဂါပညာပေးကုသဌာန ဖွင့်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 10, 2019

နေပြည်တော် အောက်တိုဘာ ၁၀
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မကွေးပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည့် ဆီးချို၊ သွေးချိုရောဂါပညာပေးကုသဌာန (Center of excellence for Diabetes Management) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆီးချို၊ သွေးချိုရောဂါ ပညာပေးကုသဌာနများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် (ခုတင် - ၁၀၀၀) ပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခု မကွေးပြည်သူ့ ဆေးရုံကြီးတွင် (၅) ခုမြောက်အဖြစ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် အတွင်းတွင် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးနှင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတို့တွင် ထပ်မံ၍ ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ ဆီးချို၊ သွေးချိုရောဂါ ပညာပေးကုသဌာနများတွင် ဆီးချို၊ သွေးချို ရောဂါ ရှာဖွေစစ်ဆေးခြင်း၊ အင်ဆူလင်ဆေးထိုးပေးခြင်း အပါအဝင် လိုအပ်သော ကုသမှုများ အား ပြင်ပလူနာအနေဖြင့် ဆောင်ရွက်ပေးခြင်း၊ မျက်စိစမ်းသပ်ခြင်း၊ အာရုံကြော ပျက်စီးမှု ရှိမရှိ စမ်းသပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ International Diabetes Federation ၏ ၂၀၁၈ ခုနှစ် စာရင်းဇယားများအရ ကမ္ဘာပေါ်ရှိ လူပေါင်း(၄၁၅) သန်းကျော်တွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနေပြီး ထိုအရေအတွက်သည် (၂၀၄၀) ခုနှစ်တွင် သန်းပေါင်း (၆၄၂)သန်းအထိ တိုးပွားလာနိုင်ဖွယ်ရှိပါကြောင်း။
ဆီးချိုသွေးချို ရောဂါဖြစ်ပွားသူ စုစုပေါင်း ၈၅ မှ ၉၅ ရာခိုင်နှုန်းမှာ အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါ (Type 2 DM) ရှင်များ ဖြစ်ပါကြောင်း၊ ဆီးချိုသွေးချို ရောဂါသည် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသည့် အဓိက အကြောင်းရင်း ဖြစ်ပါကြောင်း၊ ထိခိုက် ဒဏ်ရာရခြင်းကြောင့်မဟုတ်ဘဲ ခြေထောက်ဖြတ်ရ ခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်ပြီး ဆီးချိုသွေးချိုရောဂါရှိသူသည် မရှိသူထက် ခြေထောက်ဖြတ်ခံရ နိုင်ခြေမှာ (၁၅)ဆ မှ (၄၀) ပိုများပါကြောင်း၊ဆီးချိုသွေးချိုရောဂါရှင် သည် ရောဂါ မရှိသူထက် (၂၅)ဆပို၍ မျက်စိအမြင် ဆုံးရှုံးနိုင်ပါကြောင်း၊ နှလုံးသွေးကြော ကျဉ်းရောဂါနှင့် လေဖြတ်လေငန်း ရောဂါကို ဖြစ်စေနိုင် သည့် အဓိကအန္တရာယ်အခြေအနေ တစ်ခုလည်း ဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဗုဒ္ဓဟူးနေ့တိုင်း၌ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှု ဆေးခန်းများဖွင့်လှစ် ဆောင်ရွက် လျက်ရှိပြီး အဆိုပါ ဆေးခန်းများမှတစ်ဆင့် ရောဂါဖြစ်ပွားမှု စာရင်းဇယားများကို ရရှိနိုင် မည်ဖြစ်ပါကြောင်း။
ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှု ပုံစံများကို လိုက်နာကျင့်သုံး ခြင်းအားဖြင့် ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် “ကိုယ်လက် လှုပ်ရှားဆေးတစ်ပါး” ဆောင်ပုဒ်ဖြင့် ပြည်သူများ ကိုယ်လက် လှုပ်ရှား အားကစားလေ့ကျင့်မှု များ ပိုမိုပြုလုပ်နိုင်စေရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဆီးချို၊ သွေးချိုရောဂါပညာပေးကုသဌာန ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. John Nielsen က ဒိန်းမတ် နိုင်ငံအနေဖြင့် Myanmar Diabetes Care Program လုပ်ငန်းများတွင် ဆက်လက် ပူးပေါင်း ပါဝင်ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ဆီးချို၊ သွေးချိုရောဂါ ပညာပေးကုသဌာနကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လှည့်လည်ကြည့်ရှုသည်။
(သတင်းစဉ်)