ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ ​နေပြည်တော် / February 15, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ စုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြား သည်။

အစည်းအဝေးသို့ ဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော် ရေးရာကော်မတီ၊  ဗဟိုသမဝါယမအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းနှင့် လယ်ယာစီးပွားအတိုင်ပင်ခံအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များ ခေတ် ကာလနှင့် လျော်ညီစေရေး၊ ပိုမိုပီပြင်လာစေရေးနှင့် တောင်သူလယ်သမားများ၏ အကျိုး စီးပွားမြှင့်တင်ပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုတိကျ လွယ်ကူစွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်  ဥပဒေအား ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၆)အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ကြေငြာ ပြဌာန်းခဲ့ပါကြောင်း။

ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၏ အခန်း(၂) ရည်ရွယ်ချက်ပုဒ်မ (၃) တွင် လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တောင်သူလယ်သမားများ မနစ်နာစေရေး အတွက် ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးအတွက် ကာကွယ်ဆောင်ရွက်ပေးရန်၊ တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ဦးတည်ဆောင်ရွက်ရန်ဟုဖြည့်စွက်ထားပြီး စုစုပေါင်းရည်ရွယ်ချက် (၇)ချက်ကိုပြဌာန်းခဲ့ပါကြောင်း။

ဥပဒေ၏ ရည်ရွယ်ချက်များနှင့် ဥပဒေပါ ပြဌာန်းချက်များကို ပြည့်မီထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်တစ်ခုတည်းသာမက ဦး ဆောင်အဖွဲ့က အမိန့်ထုတ်ပြန် ဖွဲ့စည်းပေးပြီးဖြစ်သည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အစိုးရမဟုတ်သောအသင်းအဖွဲ့များ မှ ကိုယ်စားလှယ်များပါဝင်သည့် “လုပ်ငန်းကော်မတီများ”နှင့် “လုပ်ငန်းအဖွဲ့များ” အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပါ ဖိတ်ခေါ်ပါဝင်စေပြီး ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အလွန်အရေးကြီးပါကြောင်း၊ အစိုးရ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံပိုမိုတိုးတက်မည်ဖြစ်ပါကြောင်း။

လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍဖြစ်ပါကြောင်း၊ ဆန်သည် အဓိကစားသုံးသီးနှံဖြစ်ပြီး ပြည်ပပို့ကုန်တစ်ခုအနေဖြင့်လည်း နိုင်ငံခြားဝင်ငွေ ရရှိနေသည့် အဓိကပို့ကုန်တစ်ခု ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က)တွင် “နိုင်ငံတော်၏ အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးမှုကိုမထိခိုက်စေဘဲ မိမိတို့ လယ်ယာမြေပေါ် တွင် မိမိတို့ကြိုက်နှစ်သက်သည့် သီးနှံကိုသက်ဆိုင်ရာဥပဒေနှင့်အညီ ရွေးချယ်စိုက်ပျိုးခွင့်” ဟု ပါရှိသည့်အားလျော်စွာ မိမိဒေသ၊ ရေမြေအခြေအနေနှင့် လိုက်လျောညီထွေစွာ ဖြစ် ထွန်းမည့် သီးနှံကို စိုက်ပျိုးခွင့်ပြု ထားသော်လည်း ကိုယ့်အကျိုးအတွက်သာမက အများ အကျိုးကိုကြည့်၍ ရွေးချယ် စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း။

ဦးဆောင်အဖွဲ့အနေဖြင့် ယခင်ဖွဲ့စည်းခဲ့သည့် “တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့”၊ “လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့”၊ “စိုက်ပျိုးရေးနည်းပညာ/သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်း ကော်မတီ”နှင့် “မွေးမြူရေးနှင့် ရေလုပ်ငန်း စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ” များအပြင် “ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ” တစ်ရပ်ကိုလည်း ထပ်မံ ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

တောင်သူလယ်သမားများ သီးနှံထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်း၍ အရည်အသွေး ကောင်းမွန်သည့် သီးနှံများထုတ်လုပ်နိုင်ရေးအတွက် အော်ဂဲနစ် စိုက်ပျိုးရေးစနစ်သည် မြေဆီလွှာ၊ ဂေဟစနစ်နှင့် လူသားများ အပါအဝင် သက်ရှိများကို မထိခိုက်စေဘဲ ရေရှည်တည်တံ့စေသည့် ထုတ်လုပ်မှုစနစ်တစ်ခု ဖြစ်ပါကြောင်း၊ ဆိုးကျိုး များ ဖြစ်ပေါ်စေနိုင်သောသွင်းအားစုများကို အသုံးမပြုခြင်း၊ သက်ရှိများနှင့် သဘာဝ ပတ်ဝန်းကျင်တို့ ဆက်စပ်မှုရှိခြင်း၊ မတူညီသည့် သက်ရှိဇီဝများယှဉ်တွဲနေထိုင်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်ရာဒေသ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိခြင်း စသည့်အချက်အလက်များ အပေါ်တွင် အဓိကထား၍ စိုက်ပျိုးထုတ်လုပ်ခြင်း ဖြစ်သည့်အတွက် အော်ဂဲနစ်စိုက်ပျိုးရေး စနစ် ဖွံ့ဖြိုးလာရေးကို ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် လိုအပ်ပါ ကြောင်း။

ဓာတုသွင်းအားစုများကိုရှောင်ကြဉ်၍ ပတ်ဝန်းကျင်နှင့် လူမှုဘဝများအပေါ် ဆိုးကျိုး များ မသက်ရောက်စေရန် ထည့်သွင်းရေးဆွဲထားသည့် အော်ဂဲနစ်စနစ်နှင့် စိုက်ပျိုး ထုတ်လုပ်ရာတွင် လိုက်နာရမည့် သတ်မှတ်ချက်များကို တရားဝင်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့က ရေးဆွဲဆောင်ရွက်ခဲ့ပြီး မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းများကို စတင် ကျင့်သုံးကြောင်း ကြေညာခြင်းကို ဇန်နဝါရီ ၂၆ ရက်တွင်ပြုလုပ်ခဲ့ပါကြောင်း၊ ASEAN GAP Guide Line ကိုအခြေခံ၍ မြန်မာ GAP Guide Line ကိုရေးဆွဲပြဌာန်းကာ  GAP Certificate များကိုလည်းထုတ်ပေးလျက်ရှိပါကြောင်း။

အလားအလာကောင်းသော သီးနှံများဖြစ်သည့် ကော်ဖီ၊ ကိုကိုး၊ လက်ဖက်နှင့် ဝဥ စိုက်ပျိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ သံတောင်ကြီး၌ အော်ဂဲနစ်ကော်ဖီအထူးဇုန် ဧက(၅၀၀၀)စိုက်ပျိုးခြင်း၊  ချင်းပြည်နယ်၌ လက်ဖက်နှင့်ကော်ဖီဧကများ တိုးချဲ့စိုက်ပျိုးခြင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်(၅)မြို့နယ်၌ ကိုကိုးတိုးချဲ့စိုက်ပျိုးခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝဥသည် စားသုံးမှုအတွက်သာမက တိုင်းရင်းဆေးအတွက်ပါ အသုံးပြု ရန် ဝယ်လိုအားရှိလာသည့်အတွက် export အလားအလာကောင်းသည့် သီးနှံဖြစ် ပါကြောင်း။

ထို့ပြင် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရန် ရော်ဘာအရည်အသွေးမြင့်မားရေးနှင့် ရော် ဘာဈေးကွက် တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက ကဏ္ဍမှ အသင်းအဖွဲ့များ၊ ခြံရှင်များနှင့် လုပ်ငန်းရှင်များပါဝင်သည့် ရော်ဘာကဏ္ဍဖွံဖြိုး တိုးတက်ရေးကော်မတီဖွဲ့စည်းဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ဒေသအလိုက် စိုက်ပျိုးထုတ် လုပ်သူများ၊ ရောင်းဝယ်သူများနှင့် စက်ရုံများက ကဏ္ဍအလိုက် အသင်းအဖွဲ့များ ဖွဲ့စည်း ခြင်းနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ရန်လည်း စီမံ ဆောင်ရွက်လျက် ရှိပါကြောင်း။

အရည်အသွေးကောင်းမွန်သည့် မျိုးသန့်မျိုးစေ့များထုတ်လုပ်နိုင်ရန်နှင့် အပြည့်အဝ သုံးစွဲနိုင်ရန် ဌာနပိုင်ခြံများအပြင် ဌာနနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်းသာမက မျိုးစေ့ ပြပွဲ(Seed Fair)များ ကျင်းပပြုလုပ်ပေးခြင်းကို ပြည်ထောင်စုအဆင့်အနေဖြင့် 2018 Seed Fair နှင့် 2019 Seed Fair များကျင်းပခဲ့ပြီး Myanmar Seed Portal  ကိုလည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင်စတင် မိတ်ဆက်ခဲ့ပါကြောင်း။

တောင်သူလယ်သမားများ လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံမှုရှိစေရေးအတွက်လည်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပုဒ်မ၅၊ ပုဒ်မခွဲ (ည)တွင် “တောင်သူလယ်သမားများ၏ အခွင့်အရေးများနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးတို့နှင့်စပ်လျဉ်း၍ တောင်သူလယ်သမားများအား ကူညီဆောင် ရွက်ပေးခြင်းနှင့် အကာအကွယ်ပေးခြင်း”ဟုပြဌာန်းပါရှိရာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုနိုင်ရန် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်  လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့များက လယ်မြေမှအပ အခြားမြေများအတွက်လည်းကောင်း၊ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်မြေအတွက် လည်းကောင်း၊   တည်ဆဲ(၂၀၁၂ခုနှစ်) လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

“လယ်ယာမြေအားအခြားနည်းအသုံးပြုခွင့်မရရှိဘဲ အခြားနည်းအသုံးပြုဆောင်ရွက် နေမှုများသည် လယ်ယာမြေများဆုံးရှုံးမှုဖြစ်ပေါ်နိုင်သဖြင့် ခွင့်ပြုချက်မရှိဘဲ ကြိုတင်ဆောင် ရွက်၍ လယ်ယာမြေအား အခြားနည်းအသုံးပြုမှုအပေါ် ဒဏ်ကြေးငွေပေးဆောင်စေခြင်း အပြင် ဥပဒေကြောင်းအရထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရေး ဆောင်ရွက်သွားရန်” နိုင်ငံတော်သမ္မတ က လမ်းညွှန်မှုပြုခဲ့ပါကြောင်း။

ထို့အတူ ၂၀၁၈ ခုနှစ် မေလ ၂ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်း အဝေးတွင် လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုထားသည့် ကိစ္စရပ်များ အား ဒဏ်ကြေးငွေသတ်မှတ်ရာတွင် ၂၀၁၂ခုနှစ် မတိုင်မီနှင့် ၂၀၁၂ခုနှစ်နောက်ပိုင်းဟူ၍ ခွဲခြားခြင်းမပြုဘဲ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ပြေးညီ သတ်မှတ်ဆောင်ရွက်ရန်၊ လယ်မြေမှတစ်ပါး လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်မရှိဘဲ ဆောင် ရွက်ထားမှုများကို အသုံးပြုထားသည့် နည်းလမ်းအတိုင်း နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးနှင့်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက ဒဏ်ကြေးငွေသတ်မှတ် ဆောင် ရွက်ရန်နှင့် လယ်ယာမြေအားခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြုထားမှုများအပေါ် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ-၁၉ပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက် ရန် ဆွေးနွေးဆုံးဖြတ်ပေးခဲ့ပါကြောင်း။

ထို့ပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော်သမ္မတ က အတည်ပြုလက်မှတ်ရေးထိုး၍ ၂၀၁၈ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၄ အဖြစ် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန် ကြေငြာပြဌာန်းခဲ့ပါကြောင်း၊ ဥပဒေပြဌာန်းချက်များတွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ အပေါ်၌ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်ထားသူများအတွက် မြေကို တရားဝင်လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးရန်နှင့် လုပ်ကိုင်သည့် လုပ်ငန်းအလိုက် တရားဝင် အကျိုးခံစားခွင့်များ ရရှိရေးအတွက် ရည်ရွယ်ပြဌာန်းထားခြင်းဖြစ်ပါကြောင်း။

မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအားခွင့်ပြုမိန့်မရရှိမီ ဆောင်ရွက်ထားရှိသည့် ကိစ္စ ရပ်နှင့်ပတ်သက်၍ အမှန်အသုံးပြုဧရိယာကို အလွယ်တကူ လျှောက်ထားရယူနိုင်ရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများ၌ လျှောက်လွှာများ ထုတ် ယူနိုင်ရေးကိစ္စ၊ သတ်မှတ်ကာလအတွင်း ကာယကံရှင်အသီးသီးက လျှောက်လွှာတင်နိုင် ရေးကိစ္စနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများအပါအဝင် ကျေးရွာနေလူထု အနေဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်အသုံးပြုထားပါက လျှောက်လွှာတင်ရ မည်ဟူသော အသိပညာပေးခြင်းလုပ်ငန်းကိစ္စများကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးအသီးသီးက မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်၍  သက်ဆိုင်သူအားလုံးက တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့်  တောင်သူလယ်သမားများအား  ပံ့ပိုးကူညီမှုများ၊ စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ ( GAP ) စနစ်ဖြင့် ဆောင်ရွက်နေမှုများ၊ မြန်မာ အော်ဂဲနစ်စံချိန်စံညွှန်း ရေးဆွဲကျင့်သုံးနေမှုများ၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ် နိုင်ရေးနှင့် အပြည့်အဝသုံးစွဲနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်မှုများ၊ စိုက်ပျိုးရေးနှင့်  မွေးမြူရေးဆိုင်ရာ သုတေသနဆောင်ရွက်မှုများ၊ တောင်သူလယ်သမားများအား အသိ ပညာပေး ဆောင်ရွက်မှုများနှင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် ဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ် တို့က တောင်သူလယ်သမားများအတွက် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပြည်ပပို့ကုန်အဖြစ် အလားအလာရှိသည့်သီးနှံများ စိုက်ပျိုးမှုတွင် ပြည်တွင်းပြည်ပ ပညာရှင် များနှင့်ပေါင်းစပ်ဆောင်ရွက်၍ နည်းပညာများပံ့ပိုးပေးနိုင်ရေး၊ သီးနှံများ သင့်တင်မျှတသော ဈေးနှုန်းများရရှိရေးနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဦးဆောင်အဖွဲ့ဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တက်ရောက်လာကြသူများက (၁/၂၀၁၈) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင် ရွက်မည့်အစီအစဉ်များ၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြရာ ဦးဆောင်အဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ က ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)

HOT NEWS
January 4,