ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ


Amyotha Hluttaw/ နေပြည်တော် / April 09, 2019


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို (၈.၄.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ကော်မတီဆောင် (I-20)၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများသည် ရခိုင်ပြည်နယ်အတွက်သာမက ပြည်ထောင်စုတစ်ရပ်လုံး၏ အရေးကြီးသည့် ပဋိပက္ခဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို လျော့ကျသွားစေရန် ရခိုင်ပြည်နယ်ရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး၍ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာမှ ရရှိလာသည့် အခြေခံအချက်အလက်များကိုမူတည်၍ ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်ထောင်စုအစိုးရသို့ အစီရင်ခံစာ ရေးသားတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ဦးညီလှငယ်တို့က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ အမြန်ဆုံးလျော့ကျ၍ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် စီမံချက်များ၊ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

HOT NEWS
January 4,