GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်

GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်


Ministry of Information/ ​နေပြည်တော် / April 09, 2019
image_latest


နေပြည်တော် ဧပြီ ၈

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကနေဒါနိုင်ငံ အိုတာဝါမြို့ တွင် မတ် ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော (The Global Alliance for Vaccines and Immunizations) ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးသို့ ဖွံ့ဖြိုးဆဲနိုင်ငံများ အားလုံးကို ကိုယ်စားပြုသည့် တစ်ဦးတည်းသော အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။

 

နည်းပညာများကို စနစ်တကျအသုံးချ

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ဆက်စပ်သော ကျန်းမာရေးစနစ် မြှင့်တင်ခြင်းနှင့် ပတ်သက်၍ GAVI ၏ ပံ့ပိုးမှုများ ပိုမိုစနစ်ကျ ကောင်းမွန်လာစေရန် ဆောင်ရွက်သင့်သည့် အချက်များနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ဝယ်ယူဖြန့်ဖြူးရေးနှင့် အလေအလွင့် နည်းပါးအောင် သုံးစွဲရေးတို့၏ အရေးပါမှုများကိုလည်းကောင်း၊ ပြီးခဲ့သော ငါးနှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့ သည့် အချက်များနှင့် စပ်လျဉ်း၍ သင်ခန်းစာယူ၍ ပြုပြင်ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း။

 

GAVI 5.0 (၂၀၂၁ - ၂၀၂၅) ဖြင့် လာမည့် ငါးနှစ်တာ ကာလတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် GAVI မှ ဆောင်ရွက်သင့်သည့် အချက်များ၊ နည်းလမ်း အသစ်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို လည်းကောင်း။

 

နိုင်ငံအသီးသီးတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများ ပြန်လည်မြင့်တက်နေခြင်းနှင့် စပ်လျဉ်း၍ GAVI မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်နိုင်ငံရှိ ကူးစက်ရောဂါနှိမ်နင်းရေး ဗဟိုဌာနတို့နှင့် ညှိနှိုင်းလေ့လာပြီး နည်းပညာများကို စနစ်တကျ အသုံးချသင့်ကြောင်းနှင့် နံပါတ် (၂) ဦးစားပေး အဆင့်နေရာအဖြစ် ရင်းနှီးမြှုပ်နှံရန် စဉ်းစားသင့်ကြောင်းကိုလည်းကောင်း ဆွေးနွေးအကြံပြု ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် ကနေဒါနိုင်ငံ အိုတာဝါမြို့တွင် ရောက်ရှိနေစဉ်အတွင်း PHAROS Global Health Advisors မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ အဏုအာဟာရဆေးပြားများ ပံ့ပိုးပေးမည့်ကိစ္စရပ်များ လာရောက်တွေ့ဆုံ ဆွေးနွေးမှုကို လည်းကောင်း၊ ညနေပိုင်းတွင် ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Global Affairs Canada မှ မြန်မာနိုင်ငံ ကျန်းမာရေးစနစ် ပိုမို ကောင်းမွန်လာစေရန်နှင့် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကူညီထောက်ပံ့ပေးနိုင်ရန် လာရောက် ဆွေးနွေးမှု ကိုလည်းကောင်း လက်ခံတွေ့ဆုံ သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သော (၅၂)ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှုကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးသည် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေနှင့် ဆက်နွှယ်သည့် ကျန်းမာရေးပြဿနာများစွာ ရှိပါကြောင်း၊ မိမိအနေဖြင့် အခိုင်အမာ ပြောကြားလိုသည်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ပြည့်မီရေးအတွက် ICPD program ပါ လုပ်ငန်းများအရှိန် အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာလူမှုအသိုက်အဝန်း၏ အကူအညီများ လိုအပ်ပါကြောင်း။

 

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ရေးဆွဲရာတွင် ပိုမိုထိရောက် မှန်ကန်မှုရှိစေရန် ပြီးပြည့်စုံသည့် လူဦးရေဆိုင်ရာ စာရင်းဇယားများ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း လွန်ခဲ့သည့်နှစ် ၃၀ အတွင်း ပြီးပြည့်စုံသည့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါ ကြောင်း၊ သန်းခေါင်စာရင်းမှ ရရှိလာသည့် သတင်း အချက်အလက် ကိန်းဂဏန်းများကို အခြေခံ၍လည်း တိုင်းပြည်၏ မူဝါဒများ၊ နည်းဗျူဟာများနှင့် စီမံချက်များကို ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ ဥပမာအားဖြင့် Myanmar sustainable development plan for the year (2018-2030) ကို ရေးဆွဲနိုင်ခဲ့ပါကြောင်း။

 

အချင်းချင်း ရိုင်းပင်းကူညီဆောင်ရွက်

 

မိမိတို့အနေဖြင့် လူဦးရေနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များကို ပိုမိုအရှိန်အဟုန် မြှင့်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ရိုင်းပင်းကူညီ ဆောင်ရွက်စေ လိုပါကြောင်းနှင့် သို့မှသာ လူဦးရေနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ပိုမိုပြီးပြည့်စုံစွာ အကောင်အထည် ဖော်နိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်၊ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင်မြင်မှာ ဖြစ်ကြောင်း။

 

လူဦးရေနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း ဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍအနေဖြင့် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းများ၊ ကူးစက်တတ်သော ရောဂါများ ကာကွယ် ကုသရေးလုပ်ငန်းများ အပြင် ယနေ့ ကမ္ဘာပေါ်၌ အဖြစ်များလာသည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ ကဲ့သို့သော မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကိုလည်း အလေးပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

HOT NEWS
January 4,