MPT နှင့် Wunzinn app ပူးပေါင်းကျင်းပမည့် ဖတ်ညွှန်းဒိုင်ယာရီ စာညွှန်းပြိုင်ပွဲသို့ နိုင်ငံတစ်ဝန်းမှ စာပေမြတ်နိုးသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်

MPT နှင့် Wunzinn app ပူးပေါင်းကျင်းပမည့် ဖတ်ညွှန်းဒိုင်ယာရီ စာညွှန်းပြိုင်ပွဲသို့ နိုင်ငံတစ်ဝန်းမှ စာပေမြတ်နိုးသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်


Ministry of Information/ ​နေပြည်တော် / July 01, 2020
image_latest


ရန်ကုန် ဇွန် ၃၀

စာပေဖတ်ရှုမှုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်လူငယ်စာရေး ဆရာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် MPT နှင့် ဝန်ဇင်းမိုဘိုင်း အက်ပလီကေးရှင်းတို့ ပူးပေါင်း၍ စာရေးဆရာ လေးဦး၏ စာအုပ်ပေါင်း ၂၀မှ အကြိုက်နှစ်သက်ဆုံးစာအုပ်ကို ရွေးချယ်ဖတ်ရှု၍ ထိုစာအုပ်အပေါ် မိမိကိုယ်ပိုင်အမြင်နှင့် ပြန်လည်သုံးသပ်ချက်ကို ရှင်းလင်းထိမိစွာရေးသားဖော် ပြရမည့် "ဖတ်ညွှန်းဒိုင်ယာရီ" စာညွှန်းပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"အခုလိုကာလမှာ စာပေချစ်မြတ်နိုးတဲ့လူငယ်တွေအတွက် စာဖတ်ခြင်းနဲ့ စာရေးခြင်းကို ပိုမိုဖတ်ရှုလေ့လာနိုင်ဖို့ ဆောင်ရွက်တာပါ။ ဖတ်ညွှန်း ဒိုင်ယာရီ စာညွှန်းပြိုင်ပွဲက မျိုးဆက်သစ်စာရေးဆရာတွေ ပေါ်ထွန်းဖို့ အထောက်အပံ့ ဖြစ်စေမယ်လို့လည်း ယုံကြည်ပါတယ်"ဟု MPT ၏ စီးပွားရေးဌာနမှ Mr.Tetsunori Nagashima က ပြောသည်။

ပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်လူငယ်များ အနေဖြင့် မိမိတို့ကိုယ်တိုင်ရေးသားထားသော စာအညွှန်းများကို မိမိကိုယ်ပိုင် Facebook Account တွင် သက်ဆိုင်ရာ Hashtag များဖြင့် တွဲတင်၍ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဆိုင်ရာ အချက်အလက်များကို https://www.facebook.com/wunzinn တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။ ပြိုင်ပွဲဝင်သူ၏ ကိုယ်ရေးအချက်အလက်များကို Google Form မှတစ်ဆင့် တောင်းခံမည်ဖြစ်ပြီး ပြည့်စုံစွာ ရေးသားပေးပို့ရမည် ဖြစ်သည်။

ပြိုင်ပွဲဝင်သူများအနေဖြင့် စာရေးဆရာ တစ်ဦးစီ၏ စာအုပ်များမှ ကြိုက် နှစ်သက်ရာတစ်အုပ်ကို ဖတ်ရှု၍ သတ်မှတ်ရက်အလိုက် ဖတ်ညွှန်းရေးသားပြီး တင်ပေးရမည်ဖြစ်ရာ စာရေးဆရာအကြည်တော်၏ ဘီလူး၊ ရွှေမိုးသည်း၊ ပြုံးရွှင်သည် ငိုတတ်သည်၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ ဇော်ကကနေ သည် စသည့် စာအုပ်များအတွက် အညွှန်းကို ဇူလိုင် ၁ ရက်မှ ၁၀ ရက်အတွင်း၊ ဆရာမ စံပယ်ဖြူနု၏ အလွမ်းဆိုင်၊ လှပ်၍လွင့်သောကမ္ဘာ၊ ခေတ်ရယ်အချစ် ရယ်၊ မြောက်ဖျားက အလွမ်းရာသီ၊ အယ်နီ စသည့် စာအုပ်များအတွက် အညွှန်းကို ဇူလိုင် ၁၁ ရက်မှ ၂၀ ရက်အတွင်း၊ ဆရာမ မစန္ဒာ၏ အရိပ်၊ ဆဋ္ဌဂံ၊ ဟိုဘက်ကမ်းက လွမ်းပုံပြင်၊ ဂျီဟောသူ၊ ဘဝအိပ်မက် ပန်းအိပ်မက် စာအုပ်များ အတွက် အညွှန်းကို ဇူလိုင် ၂၁ ရက်မှ ၃၀ ရက်အတွင်း၊ ဆရာ သိုးဆောင်း၏ ဤအရပ်တွင် မိုးညိုခဲ့သည်၊ လက်ညှိုးထိုး၍ ပန်းဝေသီ၊ သိသောသူမည်ကား ကြားပါစေ၊ အကြင်သူသည်၊ ပဉ္စလက်ရွာ စသော စာအုပ်များအတွက် အညွှန်းကို ဇူလိုင် ၃၁ ရက်မှ ဩဂုတ်၉ ရက်အတွင်း ရေးသား၍ တင်ပေးခြင်းဖြင့် ပြိုင်ပွဲဝင်ရမည်ဖြစ်ကြောင်း သိရသည်။

အကဲဖြတ်သုံးသပ်ခြင်းကို စာညွှန်းရေးသားမှုများနှင့် ဖန်တီးမှုဆိုင်ရာ အရေးအသားအပေါ် အခြေခံ ရွေးချယ်သွားမည်ဖြစ်ပြီး Facebook ပေါ်၌ Like and Share အများဆုံးရရှိသော အရေအတွက်ပေါ်တွင် ဆုရွေးချယ် သွားမည်ဖြစ်ကြောင်း၊ People Choice Award ဆု အပါအဝင် ဆုလေးဆု ချီးမြှင့်သွားမည်ဖြစ်ရာ တစ်ဆုလျှင် လေးဦးဖြင့် စုစုပေါင်း ၁၆ ဦးကို ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်