Quarantine ဝင်ရသူများအတွက် "စောစောပြော" Mobile App ရေးဆွဲ

Quarantine ဝင်ရသူများအတွက် "စောစောပြော" Mobile App ရေးဆွဲ


Ministry of Information/ ​နေပြည်တော် / March 31, 2020
image_latest


နေပြည်တော် မတ် ၃၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်မှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် နည်းပညာရှင် လူငယ် ကိုထူးမြင့်နောင် (Technomation)တို့ ပူးပေါင်းပြီး Quarantine လုပ်သူများအတွက် "စောစောပြော" Mobile App ကို ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ Mobile App ကို ကိုရီးယားသမ္မတနိုင်ငံ အပါအဝင် အခြားနိုင်ငံများမှ COVID-19 နှင့်ပတ်သက်ပြီး ရေးဆွဲအသုံးပြုနေသည့် Mobile App များကို နမူနာယူပြီး မြန်မာနိုင်ငံ၏ အနေအထား၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ရေးဆွဲထားခြင်း ဖြစ်သည်။

မိုဘိုင်းအပလီကေးရှင်းစနစ်၏ ရည်ရွယ် ချက်နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်၏ ရှင်းလင်းပြောကြားချက်များကို ဖော်ပြလိုက်ပါသည်

“ဒီ App ရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါဖြစ်ပွားရာ(သို့မဟုတ်) နိုင်ငံခြားကနေ ပြန်ရောက်လာတဲ့သူတစ်ဦးအနေနဲ့ မဖြစ်မနေ သတင်းပို့ တာတွေ၊ သီးခြားခွဲခြားနေထိုင်တာတွေ၊ အသွားအလာကန့်သတ်ခြင်း(Quarantine)ပြုလုပ်ခြင်း ဖြင့် မိမိကိုယ်တိုင် ရောဂါဖြစ်ပွားလာရင် စောစီးစွာ သိရှိပြီးတော့ ထိရောက်တဲ့ကုသမှုတွေ ခံယူပြီး အသက်သေဆုံးခြင်းမှ ကာကွယ်နိုင်မယ့်အပြင် သူ့ရဲ့မိသားစုဝင်တွေ၊ သူနဲ့အတူနေသူတွေ၊ မိမိရဲ့နေထိုင်ရာ ရပ်ကွက်တို့ပါ ရောဂါကူးစက်မှု ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

“ရောဂါဖြစ်ပွားရာ(သို့မဟုတ်)နိုင်ငံခြားက ပြန်ရောက်လာသူတစ်ယောက်အနေနဲ့ မိမိတို့ ဒေသမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးရုံး(သို့) နီးစပ်ရာကျန်းမာရေးဌာနများသို့ မပျက်မကွက်သတင်းပေးပို့ရန်လည်း လိုအပ်ပါတယ်။ ဒီစနစ်ကတော့ အသွားအလာ ကန့်သတ်ခြင်းခံနေရတဲ့ သူတစ်ဦးအနေနဲ့ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းကို ကျွန်မတို့က

လိုက်နာဆောင်ရွက်နေရစဉ်ကာလအတွင်းမှာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို နေ့စဉ် စောင့်ကြည့်ပေးနေမယ့်စနစ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို Mobile App ဖုန်းကတစ်ဆင့် သတင်းပို့ရမှာဖြစ်ပါတယ်။ အဲဒီစနစ်မှာ ပူးပေါင်းပါဝင်ခြင်းအားဖြင့် မိမိရဲ့မိသားစု၊ မိမိရဲ့ပတ်ဝန်းကျင်အပြင် မိမိနိုင်ငံကြီးကို ရောဂါဆိုးအန္တရာယ်ကနေပြီးတော့ ကူးစက်ဖြစ်ပွားမှုကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီ App လေးကို ထည့်ပေးမှာဖြစ်

“အခုဆိုရင် ဒီ App ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့လွှတ်တော်က တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံက ကွန်ပျူတာကျွမ်းကျင်သူတွေ၊ နည်းပညာနဲ့ ကျွမ်းဝင်တဲ့ စေတနာ့ဝန်ထမ်း လူငယ်လေးတွေက ဝိုင်းဝန်းကူညီပံ့ပိုးမှာပဲ ဖြစ်ပါတယ်။ Quarantine လုပ်ထားတဲ့ နေရာတွေဖြစ်တဲ့ ဆေးရုံ၊ ဟိုတယ်၊ ဘုန်းကြီးကျောင်းတွေကအစ ဝိုင်းဝန်းကူညီဆောင်ရွက်နေကြတာဖြစ်ပါတယ်။ Quarantine ဒေသတွေသွားပြီး ဒီ App လေးကို ထည့်ပေးမှာဖြစ်ပါတယ်။ လေဆိပ်၊ မြ၀တီနယ်စပ်စစ်ဆေးရေးဂိတ်တွေ၊ အခြားတိုင်းဒေသကြီး ဂိတ်တွေ မှာ ဒါကိုဆောင်ရွက်မှာဖြစ်ပါတယ်။ အိုကေလို့ နှိပ်လိုက်တာနဲ့ App မှာ ပါဝင်တဲ့ သတင်းအချက်အလက်တွေရယ်၊ ဒီ App နှင့်အတူ လိုက်နာဆောင်ရွက်ရမယ့် အချက်ကို ရှင်းလင်းပြောကြားသွားမှာပါ။

“အဲဒါကိုလည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖော်ပြပေးထားပါတယ်။ အဲဒီသဘောကတော့ မြန်မာလူမျိုးကလည်း မြန်မာလိုဖတ်ပြီး ဖြည့်သွင်းနိုင် တယ်။ တိုင်းတစ်ပါးက ဝင်ရောက်လာမယ့်သူဆိုရင်လည်း ကျွန်မတို့ရဲ့ ဒီ App လေးကနေတစ်ဆင့် အချက်အလက်ကို ပြည့်စုံအောင်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဲဒါဖတ်ရှုပြီးလို့ နားလည်သဘောပေါက်ရင် နောက်ထပ် Page လေးတစ်ခု ကျလာပါလိမ့်မယ်။ အဲဒါကတော့ နာမည်၊ မှတ်ပုံတင်(သို့)ပတ်စ်ပို့ကို ဖြည့်သွင်း ရမှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ သူ့ရဲ့ဖုန်းနံပါတ်ပါ။ ဖုန်းနံပါတ်နဲ့ကျွန်မ တို့က သူ့ကို စောင့်ကြည့်နေမှာဖြစ်လို့ အဲဒီဖုန်းနံပါတ်ကို မှန်ကန်စွာဖြည့်သွင်းမှ သာလျှင် ဒီဖုန်းနံပါတ်ကို စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။

“ Mobile App သုံးစွဲမယ့် Quarantine လုပ်ခံရသူတစ်ဦးချင်းကို မိုဘိုင်း အော်ပရေတာတွေကနေပြီးတော့ ဆင်းကတ်တွေနဲ့ အင်တာနက်ဒေတာတွေ အခမဲ့ပေးမယ်လို့ သိရှိထားရပါတယ်။ သူ့ရဲ့ မှတ်ပုံတင်နံပါတ်လေးနဲ့ သူ့ဖုန်း နံပါတ်နဲ့ ဖြည့်မယ်ဆိုရင် သူ့ရဲ့လိပ်စာ တောင်းပါတယ်။ သူနေထိုင်တဲ့ တိုင်း ဒေသကြီး မြို့နယ်တွေကို Dropdown Menu ရွေးချယ်ရုံပါပဲ။ သူ့ကို လက်ကလေး နဲ့ တစ်ချက်နှိပ်လိုက်ရုံပါပဲ၊ ရိုက်ထည့်စရာ မလိုပါဘူး။ ရန်ကုန်တိုင်းဒေသကြီး ကို ရွေးချယ်မယ်ဆိုရင် သူနေတဲ့ ကြည့်မြင်တိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ် စသဖြင့် ရွေးချယ်ရုံပါပဲ။

“နောက်ပြီး သူသွားရောက်ခဲ့တဲ့နိုင်ငံကို မေးပါ့မယ်။ သူကဘယ်ဂိတ်က ဝင်လာသလဲ။ မြ၀တီဂိတ်ကဝင်လာသလား၊ လေကြောင်းလိုင်းက ဝင်လာသလား၊ သူဝင်လာတဲ့ POE လေးကို ပြောရပါမယ်။ ပြီးရင် သူ Quarantine ကို စောင့်ကြည့်ခံရတဲ့ ရက်စွဲလေးကို လွယ်ကူစွာပဲ ပြက္ခဒိန်ပေါ်လာပြီးတော့ ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ပြီးရင် သူ့ကို အရေးပေါ် ဆက်သွယ်ရမယ့် မိခင်၊ အစ်ကိုဖြည့်ပြီးရင် နောက်ထပ် Page ကို ရောက်သွားပါမယ်။ နောက်ထပ် Page မှာ သူသည် ဆေးရုံမှာ Quarantine လုပ်ခံရတာလား၊ ဟိုတယ်မှာလား၊ အစိုးရစီစဉ်ထားတဲ့ အဆောင်မှာလား၊ ဘုန်းကြီးကျောင်းမှာလား၊ ရပ်ရွာက ပြင်ဆင်ထားတဲ့နေရာမှာလား၊ ရပ်/ရွာက စောင့်ကြည့်နေတဲ့ နေအိမ်(သို့) အခြား နေရာမှာလား၊ အဲဒါလေးကို လက်ညှိုးလေးတစ်ချောင်းတည်းနဲ့ ရွေးချယ် ဖြည့်တင်းဖို့ပဲ လိုပါတယ်။

“အဲဒါလေး ရွေးချယ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း App code လေးကျလာ မှာ ဖြစ်ပါတယ်။ အလိုအလျောက် App ကုတ်လေးဟာ ဖုန်းရဲ့ SMS ကိုလည်း ပို့ပေးမှာ ဖြစ်ပါတယ်။ သူဖြည့်သွင်းသွားပြီးရင် Active ဆိုတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ ရောဂါလက္ခဏာကိုစပြီး မေးပါမယ်။ သူဟာ ကောင်းမွန်သလား၊ ဖျားနာ သလား၊ ချောင်းဆိုးသလား၊ အားအင်ကုန်ခန်းသလား။ အသက်ရှူကျပ်သလား။ သူ့ရဲ့ ရောဂါအခြေအနေကို မေးပါမယ်။ အဲဒါလေးကို Metal report လို့ခေါ်တဲ့ အကွက်လေးတွေရှိပါတယ်။ အဲဒီအကွက်လေးမှာ ကောင်းမွန်တယ်ဆိုရင် ကောင်းမွန်တဲ့နေရာလေးမှာ ခြစ်လိုက်ပါ။ အဲဒီအချိန်မှာ ဖျားနာတယ်၊ ချောင်းဆိုး တယ်ဆိုရင် ဖျားနာတဲ့နေရာမှာ တစ်ခါနှိပ်မယ်၊ ချောင်းဆိုးတဲ့ နေရာမှာတစ်ခါ နှိပ်မယ်ဆိုရင်၊ ပြီးရင် သူဖြစ်တဲ့ရောဂါလက္ခဏာကို သတင်းပေးပို့ပါဆိုတဲ့ ခလုတ်လေးပါပါတယ်။

အကူအညီဆိုတာကို နှိပ်လိုက်မယ်ဆိုရင်

“သတင်းပို့ပါကိုနှိပ်လိုက်ရင် ကျွန်မတို့ရဲ့ Database ထဲကို အချက်အလက် က အလိုအလျောက်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဖုန်းရဲ့ ဆင်းကတ်ကတစ်ဆင့်၊ အင်တာနက်ကတစ်ဆင့် ဖုန်းထဲမှာရှိတဲ့ GPS ကို အသုံး ပြုပြီးတော့ သူရဲ့တည်နေရာကို သိနိုင်ပါတယ်။ သူဟာ မြ၀တီက ဝင်လာတယ်၊ ပဲခူးတိုင်းဒေသကြီးကို သွားတယ်။ မြ၀တီကဝင်လာတယ်၊ ရန်ကုန်တိုင်းဒေသကြီး ကို သွားတယ်။ ဗဟို Database ကနေ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သူက သတင်းပို့ပြီးရင် အောက်မှာ Icon လေးနှစ်ခုရှိပါတယ်။ အကူအညီနဲ့ သတင်းနဲ့ ကြေညာချက်များ အကူအညီဆိုတာကို နှိပ်လိုက်မယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူအကူအညီတောင်းလို့ရမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖုန်းနံပါတ်များ ပေါ်လာပါမယ်။ ဖုန်းနံပါတ်ကို သူနှိပ်စရာမလိုပါဘူး။

“အလိုအလျောက် အဲဒီဖုန်းကို ခေါ်ဆိုပြီးရင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကူအညီများကို ချက်ချင်းတောင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အကူအညီရဲ့ နောက်တစ်ဖက်မှာတော့ သတင်းအချက်အလက်ဆိုတာပါပါတယ်။ သတင်းနှင့် ကြေညာချက်ဆိုတဲ့ Icon လေးကိုနှိပ်မယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကို ရောက်ပါမယ်။ အဲဒီ ဝက်ဘ်ဆိုက်ထဲ မှာ COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို အပြည့်အစုံ ရရှိမှာဖြစ်ပါတယ်။”

Quarantine လုပ်နေသည့် ပြည်သူတစ်ဦးချင်းကို MPT, Telenor, Ooredoo နှင့် Mytel စသည့် အော်ပရေတာ လေးခုလုံးမှ တယ်လီဖုန်း Sim Card နှင့် အင်တာနက် ဒေတာ 1 GB အခမဲ့ ပေးအပ်ကြမည်ဖြစ်သည်။ Quarantine ဝင်နေရသည့် ပြည်သူတစ်ဦးချင်းစီအနေဖြင့် နေ့စဉ် ကိုယ်အပူချိန်တိုင်းတာရန်၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း ရှိ-မရှိ စသည့် ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ အချက်အလက်များကို နေ့စဉ် သတိပေးစစ်ဆေးပေးသွားမည်ဖြစ်သည်။ အလားတူ Location ကိုလည်း ဖုန်းထဲရှိ GPS ကို အသုံးပြုပြီး အပေါ်မှ အချက် အလက်များနှင့်အတူ “စောစောပြော” Platform ကို ပေးပို့မည်ဖြစ်သည်။ သတင်းပေးပို့မှုကို မှတ်တမ်းတင်ပြီး Database နှင့် သိမ်းဆည်းထားမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည်ကြည့်ရှုနိုင်မည်

ထို Mobile App ထဲတွင် အရေးပေါ်ခေါ်ဆိုနိုင်မည့် Hot Line ဖုန်းနံပါတ် လည်း ထည့်သွင်းထားမည်ဖြစ်သည့်အတွက် App မှ တစ်ခါတည်း ဖုန်းခေါ်ဆို သတင်းပို့နိုင်မည်ဖြစ်သည်။ Quarantine ဝင်နေရသည့် ပြည်သူတစ်ဦးချင်းစီ ၏ တင်ပြချက်များ၊ ကျန်းမာရေးအခြေအနေများနှင့် တည်နေရာများကို အချိန် အလိုက် မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းအလိုက်၊ နေ့ရက်အလိုက်၊ အချိန်အပိုင်းအခြားအလိုက် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအနှံ့အပြားမှ နည်းပညာကျွမ်းကျင်သူ စေတနာ့ဝန်ထမ်းလူငယ်များ အနေဖြင့် "စောစောပြော" Mobile App အသုံးပြုရေး လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်လိုပါက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဦးရဲနိုင်မိုး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ဦးသောင်းစုငြိမ်းတို့ထံ ဆက်သွယ် စာရင်းပေးသွင်းကြပါရန် တိုက်တွန်းထားသည်။

သတင်းအဖွဲ့

HOT NEWS
January 4,