အခွန်အယူခံခုံအဖွဲ့

ခုံအဖွဲ့အကြောင်း

         ဗြိတိသျှတို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှအိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းခဲ့ပြီး ၁၉၂၂ ခုနှစ်တွင် အိန္ဒိယအက်ဥပဒေအမှတ် ၁၁ ဖြင့် မြန်မာနိုင်ငံအမြတ်ခွန်အက်ဥပဒေ (Burma Income Tax Act, 1922) ကို ပြဋ္ဌာန်းခဲ့ကြပါသည်။ ယင်းအက်ဥပဒေအရ အမြတ်ခွန်ဝန်ထောက် (Income-tax Officer)၏ စည်းကြပ်ကောက်ခံမှုကို ကျေနပ်မှုမရှိပါက ရက်ပေါင်း ၃၀ အတွင်း လက်ထောက်အမြတ်ခွန်မင်းကြီး (Assistant Commissioner of Income-tax)ထံသို့ လည်းကောင်း၊ လက်ထောက်အမြတ်ခွန်မင်းကြီး၏ အမိန့်ကို ကျေနပ်မှုမရှိပါက အမြတ်ခွန်မင်းကြီး (Commissioner of Income-tax)ထံသို့ လည်းကောင်း အယူခံဝင်ရောက်ခွင့်ပြုထားခဲ့ပါသည်။

            မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၅၃ ခုနှစ်တွင် ပါလီမန်အက်ဥပဒေအမှတ် ၇၇ ဖြင့် မြန်မာနိုင်ငံအမြတ်ခွန်အက်ဥပဒေ (ပြင်ဆင်ချက်)  အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ယင်းဥပဒေပုဒ်မ ၇ ဖြင့် ၁၉၂၂ ခုနှစ် မြန်မာနိုင်ငံအမြတ်ခွန်အက်ဥပဒေတွင် "အခန်း ၂-က၊ အယူခံခုံအဖွဲ့" ခေါင်းစဉ်ဖြင့် ပုဒ် ၅-က နှင့် ပုဒ်မ ၅-ခ တို့ကို ဖြည့်စွက်ခဲ့ပါသည်။ အဆိုပါ ဖြည့်စွက်ချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန၊ ယစ်မျိုးနှင့် အခွန်တော်ဌာနခွဲ၏ (၅-၂-၁၉၅၄) ရက်စွဲပါ ပြန်တမ်းအမှတ် (၆၃)ဖြင့် အဖွဲ့ဝင်လူကြီး (၃)ဦးပါ အမြတ်တော်ခွန်အယူခံခုံရုံးကို စတင်ဖွဲ့စည်းခဲ့ပါသည်

            ၁၉၇၂ ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၃-၁၀-၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂၉ အရ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် (၄)ဦးပါဝင်သော အခွန်အယူခံခုံအဖွဲ့ကို ဖွဲ့စည်းပြီး အမြတ်ခွန်အယူခံမှုများသာမက ရောင်းခွန်၊ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်၊ ပွဲခွန်၊ ပင်လယ်နှင့် ကုန်းဘက်ဆိုင်ရာအကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်၊ ရုံးခွန် စသော အခွန်အကောက်ဆိုင်ရာ အယူခံမှု၊ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ဆုံးဖြတ်စေခဲ့ပြီး ယင်းအမိန့်ကြော်ငြာစာအရ အမြတ်ခွန်အယူခံခုံရုံးမှ "အခွန်အယူခံခုံအဖွဲ့"ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

            ၁၉၇၆ ခုနှစ်တွင် ဝန်ကြီးအဖွဲ့၏ (၁၁-၁၂-၁၉၇၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂ အရ အခွန်အယူခံခုံအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ လူမှုဝန်ထမ်းဝန်ကြီးဌာန ဝန်ကြီးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့ဖြင့် အဆင့်မြှင့်ဖွဲ့စည်းပြီး အမြတ်ခွန်၊ ဝင်ငွေခွန်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်၊ ပွဲခွန်၊ ပင်လယ်ကြောင်းနှင့် ကုန်းလမ်းဆိုင်ရာအကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်ဆိုင်ရာ အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ကြားနာစစ်ဆေးဆုံးဖြတ်စေခဲ့ပါသည်။

            ၁၉၈၉ ခုနစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏  (၂၈-၇-၁၉၈၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၈၉ အရ အခွန်အယူခံခုံအဖွဲ့ကို အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ တရားသူကြီးချုပ်က ရွေးချယ်ပေးသော ဝန်ထမ်းတစ်ဦးနှင့် စာရင်းစစ်ချုပ်က ရွေးချယ်ပေးသော ဝန်ထမ်းတစ်ဦးတို့မှ အဖွဲ့ဝင်များ အဖြစ်လည်းကောင်း၊ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ အမြတ်ခွန်၊ ဝင်ငွေခွန်၊ ရောင်းခွန်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်၊ ပွဲခွန်၊ ပင်လယ်ကြောင်းနှင့် ကုန်းလမ်းအကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်ဆိုင်ရာ အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ကြားနာစစ်ဆေးဆုံးဖြတ်စေခဲ့ပါသည်။

            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၃၁-၅-၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၄/၂၀၁၇ ဖြင့် အခွန်အယူခံခုံအဖွဲ့ကို ညွှန်ကြားရေးမှူးချုပ်၊ အခွန်အယူခံခုံအဖွဲ့ရုံးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သည့် ညွှန်ကြားရေးမှူး (ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနမပါ) တစ်ဦးတို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်းပါဝင်၍ ပြင်ဆင်ဖွဲ့စည်းပြီး ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ပင်လယ်ကြောင်းနှင့် ကုန်းလမ်းအကောက်ခွန်ဆိုင်ရာ အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ကြားနာစစ်ဆေးဆုံးဖြတ်စေခဲ့ပါသည်။

            ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆၊ ဇယား(၁)၊ ပြည်ထောင်စုဥပဒေပြုစာရင်း၊ အပိုဒ် ၃၊ အပိုဒ်ခွဲ (ဍ)တွင် "အခွန်အယူခံခြင်း" ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ အခွန်အယူခံခုံအဖွဲ့ဥပဒေ(မူကြမ်း)ကို (၉-၁-၂၀၁၃) ရက်နေ့တွင် စတင်ရေးဆွဲခဲ့ပြီး (၃၁-၇-၂၀၁၈) ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန် အစည်းအဝေးတွင် အဆုံးအဖြတ်ရယူအတည်ပြုခဲ့ပြီး အခွန်အယူခံခုံအဖွဲ့ဥပဒေကို ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ဖြင့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။

   ယင်းဥပဒေပုဒ်မ ၄၀ အရ နိုင်ငံတော်သမ္မတရုံး၏ (၂၇-၂-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၁၉ ဖြင့် အခွန်အယူခံခုံအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရန် အသွင်ကူးပြောင်းရေးကာလကို ၁-၈-၂၀၁၈ ရက်နေ့မှ ၃၁-၇-၂၀၂၀ ရက်နေ့အထိ သတ်မှတ်ခဲ့ပါသည်။

   အသွင်ကူးပြောင်းရေးကာလကုန်ဆုံးချိန်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သည် အခွန်အယူခံခုံအဖွဲ့ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(က)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်(၈)ဦးပါဝင်သော အခွန်အယူခံခုံအဖွဲ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၀ ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ထို့နောက် အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တစ်ဦးတို့ နုတ်ထွက်သွားသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၂၄-၂-၂၀၂၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၁ ဖြင့် အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင်တစ်ဦးအား ခုံအဖွဲ့ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြင်ပမှ ပုဂ္ဂိုလ်တစ်ဦးအား အဖွဲ့ဝင်အဖြစ်လည်းကောင်း ပြင်ဆင်အစားထိုး ခန့်အပ်တာဝန်ပေးခဲ့ရာ လက်ရှိတွင် အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၇)ဦးတို့က ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွက် ကောက်ခံသည့် အခွန်၊ အကောက်ခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများအပေါ် ကျေနပ်မှုမရှိ၍ တင်သွင်းလျှောက်ထားလာသော အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှု၊ လွှဲအပ်မှုများကို "ယုံကြည် မျှတ မှန်ကန် အခွန်အယူခံ" ဆောင်ပုဒ်နှင့်အညီ စစ်ဆေးကြားနာ စီရင်ဆုံးဖြတ်လျက်ရှိပါသည်။

အခွန်အယူခံခုံ အဖွဲ့

 

ဆောင်ပုဒ်

     ယုံကြည် မျှတ မှန်ကန် အခွန်အယူခံ

မျှော်မှန်းချက်

       ပွင့်လင်းမြင်သာပြီး မျှတမှန်ကန်သည့် အခွန်အယူခံစနစ်ဖြင့်နိုင်ငံသားနှင့် အခွန်ထမ်းများ၏ ယုံကြည်အားထားမှုကို မြှင့်တင်ရန်။

ရည်မှန်းချက်

  • ပြည်ထောင်စုအစိုးရက စည်းကြပ်ကောက်ခံသည့် အခွန်အကောက် အမျိုးမျိုးအပေါ် အယူခံ ပိုင်ခွင့်နှင့် အညီ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ အပါအဝင် အခွန်ထမ်း ဆောင်သူများက တင်သွင်းလာသည့် အမှုများကို လွတ်လပ်စွာ ကြားနာ စစ်ဆေးပြီး ဥပဒေနှင့်အညီ မျှတစွာ စီရင်ဆုံးဖြတ်ရန်၊
  • နိုင်ငံသားနှင့် အခွန်ထမ်းတိုင်းက ဥပဒေနှင့်အညီ အခွန်ပေးဆောင်ရာ၌ တရားမျှတမှု၊ ခုခံချေပနိုင်မှုနှင့် အခွန်အယူခံနိုင်မှု အခွင့်အရေးများ အပြည့်အဝ ရရှိစေရေးအတွက် ကာကွယ်စောင့်ရှောက် ပေးရန်၊
  • စွမ်းဆောင်ရည်မြင့်မားသည့် အခွန်စီမံခန့်ခွဲမှု ယန္တရားတစ်ရပ် စဉ်ဆက်မပြတ် ဖြစ်တည်နေစေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အထောက်အကူပေးရန်။

တန်ဖိုးများ

  • ပွင့်လင်းမြင်သာမှု
  • လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှု
  • ဖြောင့်မတ်မှန်ကန်မှု နှင့် ယုံကြည် ကိုးစားမှု
  • တန်းတူညီမျှမှုနှင့်တရားမျှတမှု
  • နိုင်ငံသားနှင့် အခွန်ထမ်းများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးမှု။                           

အခွန်အယူခံ ခုံအဖွဲ့က စစ်ဆေး ဆောင်ရွက်နိုင်သည့် အမှုများ

 

33
11
55
44
22

 

အခွန်အယူခံ ခုံအဖွဲ့ ဥပဒေ/နည်းဥပဒေ

အခွန်အယူခံခုံအဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များ

အမိန့်ကြော်ငြာစာ အမိန့် ညွှန်ကြားလွှာ/ညွှန်ကြားချက်
အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂ အမိန့် အမှတ် ၂၂/၂၀၂၀ ညွှန်ကြားချက်အမှတ် ၂/၂၀၂၃
အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ --- ညွှန်ကြားချက်အမှတ် ၁/၂၀၂၃
--- --- ညွှန်ကြားလွှာအမှတ် ၁/၂၀၂၂
--- --- ညွှန်ကြားချက်အမှတ် ၁/၂၀၂၁
--- --- ညွှန်ကြားချက်အမှတ် ၄/၂၀၂၀
--- --- ညွှန်ကြားချက်အမှတ် ၃/၂၀၂၀
--- --- ညွှန်ကြားလွှာအမှတ် ၂/၂၀၂

လျှောက်လွှာပုံစံများ

မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များ

အခွန်အယူခံခုံအဖွဲ့၏ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ (၂၀၂၃ ခုနှစ်)

   

နောက်ဆုံးထုတ်ပြန်သည့် ကြိုတင်သတိပေး အမှုခေါ်စာရင်း 

ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်းများ

Contact Us 

                      rat-office@ratb.gov.mm                  067-3430630