ပြည်ထောင်စုရာထူးဝန်အဖွဲ့ 

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့အကြောင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ အရ ၂၈-၁၀-၂၀၁၀ ရက်စွဲနေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့်ပြဌာန်းခဲ့ပါသည်။ ပြည်ထောင်စုရာထူးဝန် အဖွဲ့သည် ၁၉၇၇ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥပဒေအရ ဖွဲ့စည်းခဲ့သော ဝန်ထမ်းရွေးချယ်လေ့ကျ င့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေအရအဖွဲ့ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး(၅)ဦးမှ အများဆုံး(၇)ဦးဖြင့် ဖွဲ့စည်းရပါမည်။ အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေအခန်း(၃)တွင် ပြဌာန်းထားပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏နောက်ခံသမိုင်း

မြန်မာနိုင်ငံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော် မြန်မာဘုရင်များ၏ အုပ်ချုပ်မှုအောက် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တည်ရှိခဲ့စဉ်တည်းက မင်းမှုထမ်းများအား ရွေးချယ်ခန့်ထားသည့် စနစ်၊ စံနှုန်းများနှင့်အညီ လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ၊ ဗျတ္တိ၊ ထူးချွန်ထက်မြက်သော အမှုတော်ထမ်းများ ရရှိစေရန်အတွက် ပြိုင်ပွဲများ၊ စာပြန်ပွဲများ ကုန်းဘောင်နှောင်းခေတ်ကာလ မြန်မာမင်းများ လက်ထက် ဝန်ထမ်းခန့်ထားသည့်စနစ်အနေဖြင့် နေပြည်တော်အုပ်ချုပ်ရေးအဆင့်နှင့်ဒေသန္တရ အုပ်ချုပ်ရေးအဆင့်ဟူ၍ တိကျစွာသတ်မှတ်ထားပြီး နေပြည်တော် သို့မဟုတ် ဗဟိုအဆင့်တွင် လွှတ်ရုံး ငါးရပ်ဟု ခေါ်တွင်သော လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံး၊ နောက်ရုံး၊ တရားရုံးတို့ကို ဖွဲ့စည်းထား ရှိပါတယ်။

မြန်မာဘုရင်ခေတ်မှာ အမှုထမ်းများကို ယေဘုယျအားဖြင့် ရိုးရာအမှုထမ်းများနဲ့ ဆိုင်ရာ ပုဂ္ဂိုလ်၏ အရည်အချင်းအလိုက် ခန့်ထားသော အမှုထမ်းများဆိုပြီး ၂ မျိုးခွဲခြားနိုင်ပါသည်။ ခန့်ထား ရာမှာလည်း ပြန်တမ်းကြီးခံ၊ ပြန်တမ်းရိုးခံနဲ့ အမိန့်တော်မှာတမ်း၊ အမိန့်တော် မှတ်သားချက်အရ ခန့်ထားသူများဆိုပြီး ၃ မျိုး ခွဲခြားထားခဲ့ပါသည်။
ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအတွင်း မြန်မာဘုရင်များ၏ မြို့ပြအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်း ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် စတင်အခြေချ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဗြိတိသျှ ကိုလိုနီနိုင်ငံ ဝန်ထမ်းစနစ်ကို မြန်မာနိုင်ငံအတွင်းသို့ အစားထိုးကျင့်သုံးဆောင်ရွက်လာခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း အရာရှိအများစုမှာ ဗြိတိသျှ သို့မဟုတ် အိန္ဒိယနိုင်ငံသားများဖြစ်ပြီး အိန္ဒိယမြို့ပြဝန်ထမ်း (India Civil Service) ၏ အစိတ်အပိုင်းအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ဗြိတိသျှကိုလိုနီခေတ်ဝန်ထမ်းတို့၏ အဓိကဦးတည်ဆောင်ရွက်ချက်မှာ ငြိမ်ဝပ်ပိပြားရေး/ တရားဥပဒေစိုးမိုးရေးနှင့် အခွန်ကောက်ခံရေး တို့ပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ရာထူးဝန်အဖွဲ့များ ဖွဲ့စည်း ခြင်းမပြုနိုင်မီ ဗြိတိသျှကိုလိုနီခေတ်ကာလ ၁၈၈၁ ခုနှစ်၌ မြန်မာနိုင်ငံဝန်ထမ်းအဖွဲ့အစည်းအသီးသီးတွင် သင့်တော် သူများကို ရွေးချယ်ခန့်ထားနိုင်ရေးအတွက် မြို့အုပ်များနှင့် စာရေး၊ စာချီများအား ယှဉ်ပြိုင်ရေးဖြေ စာမေးပွဲစနစ်ဖြင့် ပညာရေးဆင်ဒီကိတ် (Educational Syndicate)ခေါ် အဖွဲ့က ရှေးဦးစွာ စစ်ဆေး ရွေးချယ်ခဲ့ပါသည်။ ပထမဦးဆုံးသော ရာထူးဝန်အဖွဲ့ဟုသတ်မှတ်နိုင်ပါသည်။
၁၉၁၉ ခုနှစ်တွင် အဆိုပါပညာရေးဆင်ဒီကိတ် အဖွဲ့ကို ဖျက်သိမ်းပြီး အဆင့်မြင့်တန်းနှင့် အငယ်တန်း ဝန်ထမ်းများကို ရွေးချယ်ခန့်ထားနိုင်ရန်အတွက် ရွေးချယ်ခန့်ထားရေးအဖွဲ့ (Selection Board) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့ သည် ရွေးချယ်ရေးနှင့် ခန့်အပ်ရေးတို့အတွက် လုပ်ပိုင်ခွင့်ရှိသော ဒုတိယမြောက် ရာထူးဝန်အဖွဲ့ပင် ဖြစ်ပါသည်။
၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံ အစိုးရအက်ဥပဒေအရ ရာထူးဝန်အဖွဲ့ကို ၁၉၃၇ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ရာထူးဝန်အဖွဲ့မှ မြန်မာနိုင်ငံတွင် တတိယမြောက် ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ဖြစ်ပါသည်။ ဂျပန်ခေတ်ကာလ ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံဝန်ထမ်း အဖွဲ့ အစည်းများကို စနစ်တကျ ပြန်လည် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခဲ့ရာ ထိုစဉ်ကဖွဲ့စည်းခဲ့သော အဖွဲ့ သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ရာထူးဝန်အဖွဲ့ဖြစ်ပါသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည်လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာပြီး နောက် ၁၉၅၃ ခုနှစ်တွင် ဝန်ထမ်းများ ရွေးချယ်ခန့်ထားနိုင်ရန်အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် ပဉ္စမမြောက် ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။
၁၉၇၂ ခုနှစ်၊ မေလ (၄) ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖျက်သိမ်း၍ ဗဟိုပြည်သူ့ ဝန်ထမ်းများရွေးချယ်လေ့ကျင့် နေရာချထားရေးအဖွဲ့ဟု ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။ ဤဗဟိုပြည်သူ့ ဝန်ထမ်းများ ရွေးချယ်လေ့ကျင့်နေရာချထားရေးအဖွဲ့သည် အမည်အားဖြင့် ရာထူးဝန်အဖွဲ့ဟု ခေါ်ဝေါ် သတ်မှတ်ခြင်းမပြုခဲ့သော်လည်း ရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်များကိုပင် တာဝန်ခံဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ရာ ဆဋ္ဌမမြောက် ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ပင် ဖြစ်ပါသည်။
၁၉၇၇ ခုနှစ်တွင် နိုင်ငံတော်ကောင်စီသည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသည်၊ ယင်းဥပဒေအရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် သတ္တမမြောက်ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ပင်ဖြစ်ပါသည်။ အဖွဲ့သည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး အာဏာပိုင်ကို တိုက်ရိုက်တာဝန်ခံရပြီး ယခင်ကကဲ့သို့ ဝန်ထမ်းများရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်းအပြင် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံကို စိစစ်ခြင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးတို့အတွက် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး အာဏာပိုင်အား အထောက်အကူပြုရပါသည်။ သို့ဖြစ်၍ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် ဝန်ထမ်းရေးရာကိစ္စအဝဝကို တစ်စုတစ်ပေါင်းတည်းပြုထားသည့် တာဝန်များကို တာဝန်ယူဆောင်ရွက်ရသည့် ဗဟိုဝန်ထမ်းရေးရာအဖွဲ့အစည်း (Central Personnel Agency) တစ်ရပ်အသွင် ဆောင်ခဲ့ပါသည်။
တစ်ဖန် ၂၀၁၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၁ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ အဋ္ဌမမြောက် ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။ ဆက်လက်ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ နဝမမြောက် ရာထူးဝန်အဖွဲ့ဖြစ်ပါသည်။
ကနဦးရာထူးရွေးချယ် ခန့်ထားရေးတာဝန်ကိုပဲ ထမ်းဆောင်ခဲ့ရပြီး ၁၉၇၂ မှာ အသစ် ဖွဲ့စည်းသည့် ဗဟိုပြည်သူ့ဝန်ထမ်းများ ရွေးချယ်လေ့ကျင့်နေရာချထားရေးအဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းခဲ့ပြီး လေ့ကျင့်ရေးတာဝန်တွေပါ ဆောင်ရွက်ခဲ့တယ်။ ၁၉၇၇ ခုနှစ် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့၊ ဥပဒေအရ သတ်မှတ်ထားသော အဓိကတာဝန်များမှာ နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းများတွင် လိုအပ်သော ဝန်ထမ်းများကို ရွေးချယ်ခြင်းနှင့် လေ့ကျင့်ခြင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား အထောက်အကူပြုခြင်းနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်းတို့ ဖြစ်ပါသည် ။
 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ဆောင်ပုဒ်

“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ရည်မှန်းချက်

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ရည်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်သည် –

(၁) တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအပ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းကြီးများတွင် ခန့်ထားနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသော ပြန်တမ်းဝင်အရာရှိ များ စုဆောင်းရွေးချယ်ပေးရန်၊

(၂)နိုင်ငံတော်အစိုးရအဖွဲ့၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ်မူတည်ပြီး ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည်ပိုမိုမြှင့်တင်နိုင်ရေး၊ ပြည်သူ့ဝန်ထမ်း တစ်ဦး၏ အဓိကစံတန်ဖိုးများဖြစ်သည့် ရိုးသားခြင်း(Honesty)၊ ဖြောင့်မတ်သမာဓိ ရှိခြင်း(Integrity)၊ ဓမ္မဓိဋ္ဌာန်ကျစွာပြုမူခြင်း (Objectivity)၊ ဘက်မလိုက်ခြင်း (Impartiality) တို့ကို ပိုမိုခံယူကျင့်သုံးတန်ဖိုးထားတတ်စေရေးဆောင်ရွက်ရန်၊

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့်သူဟူသည့် စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးရန်၊

(၄) ဝန်ထမ်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း၌ သင်တန်းများဖွင့်လှစ်ခြင်း၊ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်း၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများကျင်းပခြင်း စီမံဆောင်ရွက်ရန်၊

(၅) ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူပြုရန်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏မျှော်မှန်းချက်

“နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်၍ စွမ်းရည်ပြည့်ဝသော၊ ယှဉ်ပြိုင်မှုရှိ၍ စည်းကမ်းကောင်းသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်စေရေး တည်ဆောက်ပျိုးထောင်ပေးရန်။”

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ဦးတည်ချက်

(၁) စတင်ခန့်ပြန်တမ်းဝင်အရာရှိအဆင့်ဝင်ပေါက်ရာထူးများ ရွေးချယ်ခန့်ထားရေးနှင့်နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခြင်း၊ ဝန်ထမ်းရေးရာခံစားခွင့်စသည်တို့နှင့် စပ်လျဉ်းသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို စီမံခန့်ခွဲ ဆောင်ရွက်ရန်။

(၂) နိုင်ငံ့ဝန်ထမ်းရာထူးအဆင့်ဆင့်အတွက် သင်တန်းများပို့ချရေး၊ အလယ်အလတ်အဆင့်နှင့်အဆင့်မြင့်အရာထမ်းများအတွက် လေ့ကျင့်ရေးအစီအစဉ်များ၊ ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ပါဝင်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်။

(၃) နိုင်ငံ့ဝန်ထမ်းများ၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ရည်ရွယ်လျက် လေ့ကျင့်သင်ကြားရေးဆိုင်ရာသင်တန်းများနှင့် ပညာရေးအစီအစဉ်များကို ဆောင်ရွက်ရန်။

(၄) နိုင်ငံ့ဝန်ထမ်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲမှုပြုနိုင်ရန်နှင့်နိုင်ငံ့ဝန်ထမ်းများဆိုင်ရာ ကိစ္စ ရပ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးချက်များဖြင့် ဆွေးနွေးအကြံပြုပေးနိုင်ရန်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖွဲ့စည်းခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို အဖွဲ့ဥက္ကဋ္ဌကဦးဆောင်၍ စီမံလမ်းညွှန်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်(၆)ဦးဖြင့် လည်းကောင်း၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို အရာထမ်း(၅၇) ဦး၊ အမှုထမ်း(၁၁၂) ဦးဖြင့်လည်းကောင်း၊ ဝန်ထမ်းရေးရာ ဦးစီးဌာနကိုအရာထမ်း(၄၈) ဦး၊ အမှုထမ်း (၁၈၃) ဦးဖြင့်လည်းကောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနကို အရာထမ်း(၅၂) ဦး၊ အမှုထမ်း(၁၆၄)ဦးဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တို့တွင် အရာထမ်း(၁၆၀) ဦး၊ အမှုထမ်း(၁၁၀၂) ဦးစီဖြင့် လည်းကောင်း ဖွဲ့စည်းထားရှိပါသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိအဖွဲ့အစည်းများ

ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ အဖွဲ့အစည်းများမှာ-

အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ အခန်း ( ၃)၊ ပုဒ်မ ၈၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့တွင် အောက်ပါအတိုင်း အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြဋ္ဌာန်းထားရှိပါသည်−

အဖွဲ့၏တာဝန်များ

အဖွဲ့၏တာဝန်များအနေဖြင့် အောက်ပါအတိုင်းဖြစ်သည်-

(၁)     ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပုဒ်မ ၃ ပါ နိုင်ငံ့ဝန်ထမ်းများကို စနစ်တကျ ရွေးချယ်ခြင်း၊

(၂)      ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ခြင်း၊

(၃)     ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူပြုခြင်း၊

(၄)     ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊

(၅)     ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

(၆)     ဝန်ထမ်းအဖွဲ့အစည်းများ မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို စိစစ်ပြီး တည်ဆဲစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်ကြားခြင်း၊

(၇)     ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း၊

(၈)     ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊ စည်းကမ်း ထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၉)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့က တာဝန်ယူအကောင်အထည် ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက် ဝန်ထမ်းအဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများ ခန့်အပ်ခြင်းတို့ပြုရာတွင် နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း ဖွဲ့စည်းခန့်ထားရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၁၀)   အဖွဲ့၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတထံ နှစ်စဉ်အစီရင်ခံခြင်းနှင့် လိုအပ် ပါက ကြားဖြတ်အစီရင်ခံတင်သွင်းခြင်း၊

(၁၁)   ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း၊

အဖွဲ့၏ လုပ်ပိုင်ခွင့်

ဝန်ထမ်းများအား ခန့်ထားရေးနှင့် အဆင့်တိုးမြှင့်ရေးတို့အတွက် ရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁)     မည်သည့်ရာထူးအဆင့် ဝန်ထမ်းများကိုသာ အဖွဲ့က ရွေးချယ်ခွင့်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊

(၂)      အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူးအဆင့် ရှိ ဝန်ထမ်းများအား အဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း များက ရွေးချယ်ရန် သတ်မှတ်ခြင်း၊

(၃)     ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ၉၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ရာထူးအတွက် ဝန်ထမ်းများကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူးက အဖွဲ့ဖွဲ့စည်း၍ ရွေးချယ်ရန် လွှဲအပ်ခြင်း၊

(၄)     ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပုဒ်မ ၈ ပုဒ်မခွဲ (ဈ) ပါ ဝန်ထမ်းများကို ခန့်အပ်လိုသည့်ကိစ္စများတွင် အဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ထမ်း အဖွဲ့ အစည်း အကြီးအမှူးများအား ဆောင်ရွက်စေခြင်း၊

(၅)     ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုတွင် မည်သည့်အဆင့်ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး သို့ ထောက်ခံတင်ပြခြင်း၊

(၆)     သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ရေး နှင့်စပ်လျဉ်း၍ ထောက်ခံလာသော ကိစ္စရပ်များကို ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ခြင်း။

ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်−

(၁)     ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးအတွက် ဝန်ထမ်း တက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း၊

(၂)      သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပဆောင်ရွက်ခြင်း၊

(၃)     လေ့ကျင့်ရေးဆိုင်ရာမူဝါဒများ ရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြအတည်ပြု ချက်ရယူဆောင်ရွက်ခြင်း၊

(၄)     ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့်စပ်လျဉ်း၍ ချမှတ် ထားသည့် လေ့ကျင့်ရေးမူဝါဒများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း။

တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌများ

  • ဦးလွန်းဘော် U Lun Baw (၁-၁-၁၉၄၇ မှ ၈-၃-၁၉၆၃ ထိ)
  • ဦးကာ U Kar (၁၁-၇-၁၉၆၃ မှ ၂၄-၈-၁၉၆၈ ထိ)
  • ဦးလှိုင်ဟုတ် U_Hlaing_Hop (၂-၉-၁၉၆၈ မှ ၂-၁-၁၉၇၃ ထိ)
  • ဦးခင်မောင်ဖြူ U Khin Maung Phyu (၃-၁-၁၉၇၃ မှ ၉-၄-၁၉၇၇ ထိ)
  • ဦးသန်းစိန် U Than Sein ( ၅-၅-၁၉၇၇ မှ ၁၂-၁၁-၁၉၈၁ ထိ)
  • ဦးမောင်မောင်ကြီး U Maung Maung Kyi (၁၂-၁၁-၁၉၈၁ မှ ၈-၇-၁၉၉၉ ထိ)
  • ဒေါက်တာသန်းညွန့် Dr.Than Nyunt (၉-၇-၁၉၉၉ မှ ၄-၂-၂ဝဝ၉ ထိ)
  • ဦးကျော်သူ U Kyaw Thu (၅-၂-၂ဝဝ၉ မှ ၃၀-၃-၂၀၁၆ ထိ)
  • ဦးဝင်းသိမ်း  U Win Thein (၅-၄-၂၀၁၆ မှ ၃၁-၁-၂၀၂၁ ထိ)
  • ဦးသန်းဆွေ U Than Swe (၁-၂-၂၀၂၁ မှ ၁၉-၈-၂၀၂၂ ထိ)
  • ဒေါက်တာမောင်မောင်နိုင် Dr Maung Maung Naing (၂၀.၈.၂၀၂၂ မှ ၃၁.၁.၂၀၂၃ထိ)
  • ဦးစစ်အေး U Sit Aye (၁.၂.၂၀၂၃ မှ ၃.၈.၂၀၂၃ ထိ)
  • ဦးအောင်သော် U Aung Thaw (၄.၈.၂၀၂၃ မှ ယနေ့အထိ)

ဆက်သွယ်ရန်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ရုံးအမှတ်(၁၇)၊ နေပြည်တော်

ဖုန်းအမှတ်-၀၆၇-၄၀၉၀၆၀

ဖက်(စ်)-၀၆၇-၄၀၉၀၄၅

Email- info@ucsb.gov.mm

Website Address- www.ucsb.gov.mm

Contact addresses of the Union Civil Service Board