ပြည်ထောင်စုရာထူးဝန်အဖွဲ့ 

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့အကြောင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ အရ ၂၈-၁၀-၂၀၁၀ ရက်စွဲနေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့်ပြဌာန်းခဲ့ပါသည်။ ပြည်ထောင်စုရာထူးဝန် အဖွဲ့သည် ၁၉၇၇ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥပဒေအရ ဖွဲ့စည်းခဲ့သော ဝန်ထမ်းရွေးချယ်လေ့ကျ င့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေအရအဖွဲ့ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး(၅)ဦးမှ အများဆုံး(၇)ဦးဖြင့် ဖွဲ့စည်းရပါမည်။ အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေအခန်း(၃)တွင် ပြဌာန်းထားပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏နောက်ခံသမိုင်း

မြန်မာနိုင်ငံမှာ လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀၀ကျော် မြန်မာဘုရင်များ၏ အုပ်ချုပ်မှုအောက် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တည်ရှိခဲ့စဉ်တည်းက မင်းမှုထမ်း များအား ရွေးချယ်ခန့်ထားသည့် စနစ်၊ စံနှုန်းများနှင့်အညီ လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ၊ ဗျတ္တိ၊ ထူးချွန်ထက်မြက်သော အမှုတော်ထမ်းများ ရရှိစေရန်အတွက် ပြိုင်ပွဲများ၊ စာပြန်ပွဲများ ကုန်းဘောင်နှောင်းခေတ်ကာလ မြန်မာမင်းများလက်ထက် ဝန်ထမ်းခန့်ထားသည့်စနစ်အနေဖြင့် နေပြည်တော်အုပ်ချုပ်ရေးအဆင့်နှင့် ဒေသန္တရအုပ်ချုပ်ရေးအဆင့်ဟူ၍ တိကျစွာသတ်မှတ်ထားပြီး နေပြည်တော် သို့မဟုတ် ဗဟိုအဆင့်တွင် လွှတ်ရုံးငါးရပ်ဟု ခေါ်တွင်သော လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံး၊ နောက်ရုံး၊ တရားရုံးတို့ကို ဖွဲ့စည်းထားရှိပါတယ်။

မြန်မာဘုရင်ခေတ်မှာ အမှုထမ်းများကို ယေဘုယျအားဖြင့် ရိုးရာအမှုထမ်းများနဲ့ဆိုင်ရာပုဂ္ဂိုလ်၏ အရည်အချင်းအလိုက် ခန့်ထားသော အမှုထမ်းများဆိုပြီး ၂ မျိုးခွဲခြားနိုင်ပါသည်။ ခန့်ထားရာမှာလည်း ပြန်တမ်းကြီးခံ၊ ပြန်တမ်းရိုးခံနဲ့ အမိန့်တော်မှာတမ်း၊ အမိန့်တော်မှတ်သားချက်အရ ခန့်ထားသူများဆိုပြီး ၃ မျိုး ခွဲခြားထားခဲ့ပါသည်။
ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအတွင်း မြန်မာဘုရင်များ၏ မြို့ပြအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့ပြီး အိန္ဒိယနိုင်ငံတွင် စတင်အခြေချ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဗြိတိသျှကိုလိုနီနိုင်ငံဝန်ထမ်းစနစ်ကို မြန်မာနိုင်ငံအတွင်းသို့ အစားထိုးကျင့်သုံးဆောင်ရွက်လာခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း အရာရှိအများစုမှာ ဗြိတိသျှ သို့မဟုတ် အိန္ဒိယနိုင်ငံသားများဖြစ်ပြီး အိန္ဒိယမြို့ပြဝန်ထမ်း (India Civil Service) ၏အစိတ်အပိုင်းအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ဗြိတိသျှကိုလိုနီ ခေတ်ဝန်ထမ်းတို့၏ အဓိကဦးတည်ဆောင်ရွက်ချက်မှာ ငြိမ်ဝပ်ပိပြားရေး/ တရားဥပဒေစိုးမိုးရေးနှင့်အခွန်ကောက်ခံရေးတို့ပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ရာထူးဝန်အဖွဲ့များ ဖွဲ့စည်းခြင်းမပြုနိုင်မီ ဗြိတိသျှကိုလိုနီခေတ်ကာလ ၁၈၈၁ ခုနှစ်၌ မြန်မာနိုင်ငံဝန်ထမ်းအဖွဲ့အစည်းအသီးသီးတွင် သင့်တော် သူများကို ရွေးချယ်ခန့်ထားနိုင်ရေးအတွက် မြို့အုပ်များနှင့်စာရေး၊ စာချီများအား ယှဉ်ပြိုင်ရေးဖြေစာမေးပွဲစနစ်ဖြင့် ပညာရေးဆင်ဒီကိတ် (Educational Syndicate)ခေါ် အဖွဲ့က ရှေးဦးစွာ စစ်ဆေးရွေးချယ်ခဲ့ပါသည်။ ပထမဦးဆုံးသောရာထူးဝန်အဖွဲ့ဟုသတ်မှတ်နိုင်ပါသည်။ ၁၉၁၉ ခုနှစ်တွင် အဆိုပါ ပညာရေး ဆင်ဒီကိတ်အဖွဲ့ကို ဖျက်သိမ်းပြီး အဆင့်မြင့်တန်းနှင့်အငယ်တန်းဝန်ထမ်းများကို ရွေးချယ်ခန့်ထားနိုင်ရန်အတွက် ရွေးချယ်ခန့်ထားရေးအဖွဲ့ (Selection Board) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် ရွေးချယ်ရေးနှင့်ခန့်အပ်ရေးတို့အတွက် လုပ်ပိုင်ခွင့်ရှိသော ဒုတိယမြောက်ရာထူးဝန်အဖွဲ့ပင်ဖြစ်ပါ သည်။
၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရအက်ဥပဒေအရ ရာထူးဝန်အဖွဲ့ကို ၁၉၃၇ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ရာထူးဝန်အဖွဲ့မှ မြန်မာ နိုင်ငံတွင် တတိယမြောက်ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ဖြစ်ပါသည်။ ဂျပန်ခေတ်ကာလ ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံဝန်ထမ်းအဖွဲ့အစည်းများကို စနစ်တကျ ပြန်လည်ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခဲ့ရာ ထိုစဉ်က ဖွဲ့စည်းခဲ့သောအဖွဲ့သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာပြီးနောက် ၁၉၅၃ ခုနှစ်တွင် ဝန်ထမ်းများ ရွေးချယ်ခန့်ထားနိုင်ရန် အတွက် ပြည်ထောင်စရာထူးဝန်အဖွဲ့ ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် ပဉ္စမမြောက်ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။
၁၉၇၂ ခုနှစ်၊ မေလ (၄) ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖျက်သိမ်း၍ ဗဟိုပြည်သူ့ဝန်ထမ်းများရွေးချယ်လေ့ကျင့်နေရာချထားရေးအဖွဲ့ဟု ပြုပြင် ဖွဲ့စည်းခဲ့ပါသည်။ ဤဗဟိုပြည်သူ့ ဝန်ထမ်းများ ရွေးချယ်လေ့ကျင့်နေရာချထားရေးအဖွဲ့သည် အမည်အားဖြင့် ရာထူးဝန်အဖွဲ့ဟု ခေါ်ဝေါ်သတ်မှတ်ခြင်း မပြု ခဲ့သော်လည်း ရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်များကိုပင် တာဝန်ခံဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ရာ ဆဋ္ဌမမြောက်ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ပင် ဖြစ် ပါသည်။
၁၉၇၇ ခုနှစ်တွင် နိုင်ငံတော်ကောင်စီသည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသည်၊ ယင်းဥပဒေအရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် သတ္တမမြောက်ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ပင်ဖြစ်ပါသည်။ အဖွဲ့သည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအာဏာပိုင်ကို တိုက်ရိုက်တာဝန်ခံရပြီး ယခင်ကကဲ့သို့ ဝန်ထမ်းများရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်းအပြင် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံကိုစိစစ်ခြင်း၊ ဝန်ထမ်းဆိုင်ရာစည်းမျဉ်းများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ် နိုင်ရေးတို့အတွက် နိုင်ငံတော်၏အဆင့်အမြင့်ဆုံးအာဏာပိုင်အား အထောက်အကူပြုရပါသည်။ သို့ဖြစ်၍ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့သည် မြန်မာ နိုင်ငံတွင် ဝန်ထမ်းရေးရာကိစ္စအဝဝကို တစ်စုတစ်ပေါင်းတည်းပြုထားသည့် တာဝန်များကို တာဝန်ယူဆောင်ရွက်ရသည့် ဗဟိုဝန်ထမ်းရေးရာ အဖွဲ့အစည်း (Central Personnel Agency) တစ်ရပ်အသွင် ဆောင်ခဲ့ပါသည်။
တစ်ဖန် ၂၀၁၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၁ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်း ခဲ့ပါသည်။ အဋ္ဌမမြောက် ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။ ဆက်လက်ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ နဝမမြောက် ရာထူးဝန်အဖွဲ့ဖြစ်ပါသည်။
ကနဦးရာထူးရွေးချယ်ခန့်ထားရေးတာဝန်ကိုပဲ ထမ်းဆောင်ခဲ့ရပြီး ၁၉၇၂ မှာ အသစ်ဖွဲ့စည်းသည့် ဗဟိုပြည်သူ့ဝန်ထမ်းများရွေးချယ်လေ့ကျင့်နေရာချထား ရေးအဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းခဲ့ပြီး လေ့ကျင့်ရေးတာဝန်တွေပါ ဆောင်ရွက်ခဲ့တယ်။ ၁၉၇၇ ခုနှစ် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့၊ ဥပဒေအရ သတ်မှတ် ထားသော အဓိကတာဝန်များမှာ နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းများတွင် လိုအပ်သောဝန်ထမ်းများကို ရွေးချယ်ခြင်းနှင့် လေ့ကျင့်ခြင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအား အထောက်အကူပြုခြင်း နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်းတို့ ဖြစ်ပါသည် ။
၂၀၁၆ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးဝင်းသိမ်း၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွားနှင့် ဦးစောဗယ်လင်တိုင်းတို့ပါဝင်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ဆောင်ပုဒ်

“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ရည်မှန်းချက်

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ရည်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်သည် –

(၁) တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအပ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းကြီးများတွင် ခန့်ထားနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသော ပြန်တမ်းဝင်အရာရှိ များ စုဆောင်းရွေးချယ်ပေးရန်၊

(၂)နိုင်ငံတော်အစိုးရအဖွဲ့၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ်မူတည်ပြီး ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည်ပိုမိုမြှင့်တင်နိုင်ရေး၊ ပြည်သူ့ဝန်ထမ်း တစ်ဦး၏ အဓိကစံတန်ဖိုးများဖြစ်သည့် ရိုးသားခြင်း(Honesty)၊ ဖြောင့်မတ်သမာဓိ ရှိခြင်း(Integrity)၊ ဓမ္မဓိဋ္ဌာန်ကျစွာပြုမူခြင်း (Objectivity)၊ ဘက်မလိုက်ခြင်း (Impartiality) တို့ကို ပိုမိုခံယူကျင့်သုံးတန်ဖိုးထားတတ်စေရေးဆောင်ရွက်ရန်၊

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့်သူဟူသည့် စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးရန်၊

(၄) ဝန်ထမ်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း၌ သင်တန်းများဖွင့်လှစ်ခြင်း၊ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်း၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများကျင်းပခြင်း စီမံဆောင်ရွက်ရန်၊

(၅) ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူပြုရန်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏မျှော်မှန်းချက်

“နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်၍ စွမ်းရည်ပြည့်ဝသော၊ ယှဉ်ပြိုင်မှုရှိ၍ စည်းကမ်းကောင်းသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်စေရေး တည်ဆောက်ပျိုးထောင်ပေးရန်။”

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ဦးတည်ချက်

(၁) စတင်ခန့်ပြန်တမ်းဝင်အရာရှိအဆင့်ဝင်ပေါက်ရာထူးများ ရွေးချယ်ခန့်ထားရေးနှင့်နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခြင်း၊ ဝန်ထမ်းရေးရာခံစားခွင့်စသည်တို့နှင့် စပ်လျဉ်းသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို စီမံခန့်ခွဲ ဆောင်ရွက်ရန်။

(၂) နိုင်ငံ့ဝန်ထမ်းရာထူးအဆင့်ဆင့်အတွက် သင်တန်းများပို့ချရေး၊ အလယ်အလတ်အဆင့်နှင့်အဆင့်မြင့်အရာထမ်းများအတွက် လေ့ကျင့်ရေးအစီအစဉ်များ၊ ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ပါဝင်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်။

(၃) နိုင်ငံ့ဝန်ထမ်းများ၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ရည်ရွယ်လျက် လေ့ကျင့်သင်ကြားရေးဆိုင်ရာသင်တန်းများနှင့် ပညာရေးအစီအစဉ်များကို ဆောင်ရွက်ရန်။

(၄) နိုင်ငံ့ဝန်ထမ်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲမှုပြုနိုင်ရန်နှင့်နိုင်ငံ့ဝန်ထမ်းများဆိုင်ရာ ကိစ္စ ရပ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးချက်များဖြင့် ဆွေးနွေးအကြံပြုပေးနိုင်ရန်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖွဲ့စည်းခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဥက္ကဌက ဦးဆောင်၍ စီမံလမ်းညွှန်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်(၄)ဦးဖြင့်လည်းကောင်း၊ ဥက္ကဌရုံးအဖွဲ့ကို အရာထမ်း(၁၈)ဦး၊ အမှုထမ်း (၄၄)ဦးဖြင့် လည်းကောင်း၊ ဝန်ထမ်းရေးရာဦးစီးဌာနကို အရာထမ်း (၃၄)ဦး၊ အမှုထမ်း (၁၁၁)ဦးဖြင့် လည်းကောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနကို အရာထမ်း (၄၆)ဦး၊ အမှုထမ်း (၁၆၆)ဦးဖြင့်လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တို့တွင် အရာထမ်း (၁၅၀)ဦး၊ အမှုထမ်း (၈၉၀) ဦးစီဖြင့်လည်းကောင်း ဖွဲ့စည်းထားရှိပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိအဖွဲ့အစည်းများ

ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ အဖွဲ့အစည်းများမှာ-

အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ အခန်း (၃)၊ ပုဒ်မ ၈၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့တွင် အောက်ပါအတိုင်း အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြဋ္ဌာန်းထားရှိပါသည်-

အဖွဲ့၏တာဝန်များ

အဖွဲ့၏တာဝန်များအနေဖြင့် အောက်ပါအတိုင်းဖြစ်သည်-

(၁) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပုဒ်မ ၃ ပါ နိုင်ငံ့ဝန်ထမ်းများကို စနစ်တကျ ရွေးချယ်ခြင်း၊

(၂) ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ခြင်း၊

(၃) ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူပြုခြင်း၊

(၄) ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊

(၅) ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

(၆) ဝန်ထမ်းအဖွဲ့အစည်းများ မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို စိစစ်ပြီး တည်ဆဲစည်းမျဉ်းစည်းကမ်း၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်ကြားခြင်း၊

(၇) ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း၊

(၈) ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ထမ်းအဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၉) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့က တာဝန်ယူအကောင်အထည်ဖော်ရသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများ ခန့်အပ်ခြင်းတို့ပြုရာတွင် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီ လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့်ကြိုတင်ညှိနှိုင်း၍လည်းကောင်း ဖွဲ့စည်းခန့်ထားရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၁၀) အဖွဲ့၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတထံ နှစ်စဉ်အစီရင်ခံခြင်းနှင့် လိုအပ်ပါက ကြားဖြတ်အစီရင်ခံတင်သွင်းခြင်း၊

(၁၁) ပြည်ထောင်စုအစိုးရအဖွဲ့ကအခါအားလျော်စွာပေးအပ်သောတာဝန်များကိုထမ်းဆောင်ခြင်း၊

အဖွဲ့၏ လုပ်ပိုင်ခွင့်

ဝန်ထမ်းများအား ခန့်ထားရေးနှင့်အဆင့်တိုးမြှင့်ရေးတို့အတွက် ရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့၏လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(၁) မည်သည့်ရာထူးအဆင့်ဝန်ထမ်းများကိုသာ အဖွဲ့က ရွေးချယ်ခွင့်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊

(၂) အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူးအဆင့်ရှိ ဝန်ထမ်းများအား အဖွဲ့၏ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ်ရန် သတ်မှတ်ခြင်း၊

(၃) ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ရာထူးအတွက် ဝန်ထမ်းများကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူးက အဖွဲ့ဖွဲ့စည်း၍ ရွေးချယ်ရန် လွှဲအပ်ခြင်း၊

(၄) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပုဒ်မ ၈ ပုဒ်မခွဲ (ဈ) ပါ ဝန်ထမ်းများကို ခန့်အပ်လိုသည့် ကိစ္စများတွင် အဖွဲ့၏ညွှန်ကြားချက်နှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးများအား ဆောင်ရွက်စေခြင်း၊

(၅) ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုတွင် မည်သည့်အဆင့်ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ထောက်ခံတင်ပြခြင်း၊

(၆) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ ထောက်ခံလာသော ကိစ္စရပ်များကို ရာထူးတိုးမြှင့်ရေး ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ခြင်း။

ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်−

(၁) ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးအတွက် ဝန်ထမ်းတက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း၊

(၂) သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပဆောင်ရွက်ခြင်း၊

(၃) လေ့ကျင့်ရေးဆိုင်ရာမူဝါဒများရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြအတည်ပြုချက်ရယူဆောင်ရွက်ခြင်း၊

(၄) ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာကျွမ်းကျင်မှု သင်တန်းများနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် လေ့ကျင့်ရေးမူဝါဒများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း။

အပြည်ပြည်ဆိုင်ရာလုပ်ငန်းစဉ်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ

၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme-UNDP)၊ EU(GOPA)၊ ကမ္ဘာ့ဘဏ် (World Bank)၊ Hanns Seidel Foundation၊ ကုလသမဂ္ဂ-အာရှနှင့် ပစိဖိတ်ဒေသသတင်းနှင့် ဆက်သွယ်ရေးနည်းပညာ ဆိုင်ရာသင်တန်းဌာန (United Nations Asia-Pacific Centre of Information and Communication Technology-UNAPCICT)၊ ထိုင်းနိုင်ငံ၊ (Dhurakij Pundit University-DPU)၊ ကိုရီးယား သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency – KOICA) နှင့် မလေးရှားနိုင်ငံ (EDS Business School)၊ Akamai University စသည့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံ့ဝန်ထမ်း ရေးရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါ သည် –

(က) ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဝန်ထမ်းရေးရာကိစ္စများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

(၁) နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာစီမံချက် (Civil Service Reform Strategic Action Plan) ရေးဆွဲခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme –UNDP) ၏ ကူညီပံ့ပိုးမှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ ကိုယ်ကျင့်သိက္ခာ၊ အရည်အချင်းအလိုက် ချီးမြှင့် မြှောက်စားမှုနှင့် တန်းတူအခွင့်အရေးများဆိုင်ရာ သဘောထားအမြင်စစ်တမ်း (Perception Survey on Ethics, Equal Opportunities and Meritocracy in the Myanmar Civil Service) အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်(၂)ခု၌ ၂၀၁၅ ခုနှစ်၊ ဇွန်လမှ သြဂုတ်လအထိ ဖွင့်လှစ်ခဲ့သော ပုံမှန် သင်တန်းများတွင် တက်ရောက်ခဲ့သည့် သင်တန်းသား (၂၀၁၀)ဦးကို စစ်တမ်း မေးခွန်းလွှာ (Survey Questionnaire) များ ကောက်ယူခြင်း၊ ဦးတည် အုပ်စုလိုက် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ရာ ၎င်းစစ်တမ်းအစီရင်ခံစာတွင် ပြည်သူ့ဝန်ထမ်းစနစ်များနှင့် ဥပဒေ၊ မူဝါဒပိုင်းဆိုင်ရာတို့ကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် အကြံပြုထားကြောင်း တွေ့ရှိရသဖြင့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (Civil Service Reform Strategic Action Plan) ကို ရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိ ပါသည်။

ထို့အပြင် ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုအစည်းအဝေး(The Preparatory Meeting to Conduct Consultative Workshop for the Civil Service Reform Strategic Action Plan ) ကို ၁၆-၆-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော်၌ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ရုံးအဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၊ ဝန်ထမ်းရေးရာဦးစီးဌာနနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုမှ ကိုယ်စားလှယ် စုစုပေါင်း (၂၀) ဦးနှင့် ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) ဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အဆိုပါ စီမံချက်ရေးဆွဲရေးအတွက် ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ ၂၆ ရက်နေ့ထိ နေပြည်တော်၌ ကျင်းပခဲ့ရာ ကိုယ်စားလှယ် (၁၃၀)ဦးမှလည်းကောင်း၊ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၇ ရက်နေ့ထိ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ ကျင်းပခဲ့ရာ ကိုယ်စားလှယ် (၃၅၂) ဦးမှ လည်းကောင်း၊ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ကိုယ်စားလှယ် (၄၀၀)ဦးမှ လည်းကောင်း အသီးသီး တက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များမှာ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ တက်ရောက် ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများတွင် အဓိက Theme ၄ ခု ဖြစ်သော (၁) နိုင်ငံ့၀န်ထမ်းအုပ်ချုပ်ရေးလုပ်ငန်းစဉ်သစ် ( New Civil Service Governance)၊ (၂) အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်အခြေခံသော အလေ့အထနှင့်စနစ်များဆီသို့ ဦးတည်ရေး (Merit-based and Performance – driven Culture and Systems) ၊ (၃) လူထုဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ် လာစေရန် ခေါင်းဆောင်မှုပေးနိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည် များကို မြှင့်တင်ခြင်း (People – centered Civil Service Leadership and Capacity Development)၊ (၄) နိုင်ငံ့၀န်ထမ်းကဏ္ဍ၏ ပွင့်လင်း မြင်သာမှုနှင့် တာ၀န်ခံမှု/ တာဝန်ယူမှု (Transparency and Accountability in the Civil Service) တို့ကို Action Plan Logframe Zero Draft နှင့် 1st Draft ပြုစုထားရှိမှုအပေါ် အသေးစိတ်ဆွေးနွေးပြီး Logframe 2 nd Draft ပြုစုခဲ့ကြပါသည်။

ယခုဆက်လက်၍ CSR- Strategic Action Plan ရေးဆွဲရာတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသော ပြည်ပပညာရှင်ဖြစ်သူ နယူးဇီလန် နိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းကော်မရှင်မှ ယခင် ဒုတိယကော်မရှင်နာမင်းကြီး Mr. Ryan Orange သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် မှ ၁၀ရက်ထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအဖွဲ့အစည်း (၁၁) ခုမှ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များအား တွေ့ဆုံ၍ CSR Strategic Action Plan Logframe 2nd Draft အပေါ် အကြံပြုဆွေးနွေးချက်များ တောင်းခံ ခဲ့ပြီး CSR Strategic Action Plan Logframe 3rd Draft (Final Draft) ကို အပြီးသတ် ရေးဆွဲ၍ လွှတ်တော်ရုံးများ၊ ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာန (၃၆)ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုနှင့် နေပြည်တော်ကောင်စီ၊ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) စည်ပင်သာယာရေးကော်မတီ (၃) ခုတို့အား ပေးပို့ဖြန့်ဝေ၍ အကြံပြုချက်များ ပြန်လည်ရယူလျက်ရှိပါသည်။

၎င်းအပြင် အဆိုပါ CSR Logframe Third Draft ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website များဖြစ်သည့် www.ucsb.gov.mm နှင့် ucsb.imis.com.mm တွင် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Facebook Account Name ဖြစ်သည့် Ucsb Myanmar နှင့် facebook page name ဖြစ်သည့် Union Civil Service Board Myanmar တွင် လည်းကောင်း လွှင့်တင်ထားရှိပါသဖြင့် အများ ပြည်သူနှင့် လွှတ်တော်ရုံးများ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ အရာထမ်း၊ အမှုထမ်းများအား အဆိုပါ Website၊ Facebook များတွင်လည်း ဝင်​ရောက် ကြည့်ရှုနိုင်ပါကြောင်းနှင့် အများပြည်သူများအနေဖြင့် သော်လည်းကောင်း၊ ဌာနအလိုက်သော်လည်းကောင်း၊ ဝန်ထမ်းတစ်ဦးချင်းအနေဖြင့်သော် လည်းကောင်း အကြံပြုချက်ပေးပို့လိုပါက myanmar.civilservicere form@gmail. com သို့ ရေးသားပေးပို့နိုင်ကြောင်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၃၁-၃-၂၀၁၇ ရက်နေ့ရက်စွဲပါ အမှာစာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ အသိပေး အကြောင်းကြားထားပြီး ပြည်သူများ၏ အကြံပြုချက်များ၊ မှတ်ချက်များအားလုံးကို အပြည့်အဝ လျှို့ဝှက်ထိန်းသိမ်း​ပြီး နိုင်ငံ့ ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် စာတမ်းတစ်ခုလုံးအား ပြန်လည်သုံးသပ် အတည်ပြုရန်အတွက်သာ အသုံးပြုသွားမည်ဖြစ်ပါကြောင်းကို နိုင်ငံတော်ပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar တို့တွင် မြန်မာ၊ အင်္ဂလိပ်(၂) ဘာသာဖြင့် ဆောင်းပါးရေးသားပြီး ပြည်သူအား အသိ ပေးပြီးဖြစ်ပါသည်။

ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာဗျူဟာလုပ်ငန်း အစီအစဉ်နှင့်ပတ်သက်၍ Civil Service Reform Strategic Action Plan ကို အပြီးသတ်ရေးဆွဲပြီးပါက နိုင်ငံတော်သမ္မတရုံးသို့ အတည်ပြုချက်ရယူ၍ ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လတွင် ပြည်သူအား အသိပေးသွားမည်ဖြစ်ပါသည်။

(၂) နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ချက် မူဘောင် (Civil Service Competency Framework) ရေးဆွဲခြင်း

CSR-Strategic Action Plan ရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေမည့် နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ချက်မူဘောင် (Civil Service Competency Framework) ရေးဆွဲခြင်းကိုလည်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့ များတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၇)တွင် တက်ရောက်ခဲ့ သော သင်တန်းသား(၅၃)ဦးနှင့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းအဖွဲ့ အစည်း အကြီးအမှူး (၅၇)ဦးတို့အား မေးခွန်းများ ဖြေဆိုစေခြင်းနှင့် တွေ့ဆုံမေးမြန်းခြင်း တို့ကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့၌ နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ (၁၂၀)ဦးဖြင့် လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန် ရှိသူများဖြင့်လည်းကောင်း၊ ပြည်ပပညာရှင်အဖွဲ့တို့ တွေ့ဆုံ၍ လုပ်ငန်း ကျွမ်းကျင်မှု အရည်အသွေးသတ်မှတ်ချက် မူဘောင်(မူကြမ်း)အပေါ် သဘော ထားအမြင်ခြင်း ဖလှယ်ခဲ့ကြပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သော အဆင့်မြင့် အရာထမ်းစီမံ ခန့်ခွဲမှုသင်တန်းတွင် ချပြဆွေးနွေးခြင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးအဆင့်၊ အကြီးအကဲများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များအား တွေ့ဆုံဆွေးနွေး အကြံပြုချက်များရယူ၍ အပြီးသတ် ပြုစုထုတ်ပြန်နိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

(၃)ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒစာတမ်း (Leadership Development Scheme) ပြုစုဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ

CSR – Strategic Action Plan ကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး အဆင့်မြင့်အရာရှိများအား ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်ပေးရန် အတွက် ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒစာတမ်း (Leadership Development Scheme) ပြုစုရေးဆွဲရန် ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကိုယ်စား လှယ်(၂၂)ဦးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၆ခုနှစ် ၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော်၊ ရွှေနန်းတော်ဟိုတယ်၌ ကိုယ်စားလှယ် (၂၇)ဦးဖြင့် လည်းကောင်း အသီးသီးကျင်းပခဲ့ရာ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မ ရှင်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ ပါသည်။

ဆက်လက်၍ ပြည်ပပညာရှင်ဖြစ်သူ ကနေဒါနိုင်ငံ၊ Institute on Governance မှ Senior Advisor၊ Mr. Michael O’Neill သည် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ လာရောက်စဉ်အတွင်း ယခင်ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိ ထားသော မူဝါဒစာတမ်း (မူကြမ်း)နှင့် ပတ်သက်၍ ဝန်ကြီးဌာန၊ အဖွဲ့အစည်း များမှ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေး၍ အကြံပြုချက်များ ရယူပြီးနောက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ကျင့်သုံးနိုင်ရေး ဆက်လက် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

(၄) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊နည်းဥပဒေများ ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအား ပြန်လည်သုံးသပ်မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme–UNDP)တို့၏ ပူးပေါင်း ဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအား ပြန်လည်သုံးသပ်ခြင်း (Civil Service Regulations and Procedural Review) ကို ဆောင်ရွက်ရန် အတွက် ပြည်ပပညာရှင်ဖြစ်သူ Ms. Fainula Redriguez သည်၂၀၁၇ခုနှစ်၊ ဖေ‌ဖော်ဝါရီလ (၁၃)ရက်နေ့မှ (၂၀)ရက်နေ့ထိ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိရာ ပြည်တွင်းအဆင့်မြင့်အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ အဖွဲ့ဝင်ဟောင်း ဦးမြသိန်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိ သူများ ပါဝင်ပြီး အတူတကွ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်ရှိရာ နေပြည်တော်ရှိ သင့်လျော်သော ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ပြီးနောက် ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်ပါက လုပ်ထုံးလုပ် နည်းနှင့်အညီ ပထမဦးစွာ ရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက် မေးမြန်းခြင်း၊ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခြင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပြခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူပြီး၊ လွှတ်တော် သို့ တင်သွင်းနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၅) ကိုယ်ကျင့်သိက္ခာ၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုနှင့် တန်းတူ အခွင့်အရေးရရှိမှုများကို တိုးတက်စေခြင်းဖြင့် ထက်သန်တက်ကြွမှုကို အားပေးခြင်းဆိုင်ရာ အသိပညာမျှဝေမှုဖိုရမ်နှင့် အာဆီယံနိုင်ငံများဖြင့် အမြင်ချင်း ဖလှယ်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်

နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် ကိုယ်ကျင့်သိက္ခာ၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုနှင့် တန်းတူအခွင့်အရေးရရှိမှုများကို တိုးတက်စေခြင်းဖြင့် ထက်သန်တက်ကြွမှုကို အားပေးခြင်းဆိုင်ရာ အသိပညာမျှဝေမှုဖိုရမ်ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ၁၆-၁၂-၂၀၁၆ ရက်နေ့ တွင် လည်းကောင်း၊ အာဆီယံနိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း များ၏ ကျင့်ဝတ်၊ တန်းတူညီမျှ အခွင့်အရေးနှင့် အရည်အချင်းပေါ်မူတည်၍ တာဝန်ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်သည့် အလုပ်ရုံဆွေးနွေး ပွဲကို နေပြည်တော် Park Royal Hotel ၌ ၁၇-၁၂-၂၀၁၇ ရက်နေ့တွင် လည်းကောင်း အသီးသီးကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုအဖွဲ့ အစည်းများနှင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့မှ ကိုယ်စားလှယ် (၄၀၀)ဦးခန့်ဖြင့် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါသည်။ ဆက်လက်၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) အစီအစဉ်ဖြင့် Public Service Motivation အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ မြန်မာ နိုင်ငံအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အာဆီယံနိုင်ငံ့ဝန်ထမ်း ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ASEAN Cooperation on Civil Service Matters-ACCSM) ၏ Work Plan (2016-2020) အောက်ရှိ Activities တစ်ခုအနေဖြင့် ကျင်းပရန်လျာထားပြီး ACCSM အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များအား ဖိတ်ကြားဆောင်ရွက်သွားရန် ညှိနှိုင်း စီစဉ် ထားပြီး ၂၀၁၇ ခုနှစ် ၊ဇူလိုင်လတွင်ကျင်းပရန်စီစဉ်ထားပါသည်။

(၆) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း ဦးဆောင်၍ နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ လေ့လာရေးခရီးစဉ်သို့ သွားရောက်ခြင်း

နယူးဇီလန်နိုင်ငံ၊နိုင်ငံ့ဝန်ထမ်းရေးရာကော်မရှင်၏ဖိတ်ကြားချက်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ကူညီပံ့ပိုးမှုဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း ဦးဆောင်၍ ဗဟိုအဖွဲ့အစည်း၊ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး၊ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့် အဆင့်မြင့်အရာထမ်း ကိုယ်စားလှယ်စုစုပေါင်း (၁၂)ဦး ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့တွင် ၂၀၁၇ ခုနှစ်၊ မေလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို သွားရောက်လေ့လာခဲ့ကြရာ အဆိုပါ လေ့လာရေးခရီးစဉ်မှ နယူးဇီလန်နိုင်ငံ၏ အုပ်ချုပ်မှုပုံစံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံ့ဝန်ထမ်းရေးရာကော်မရှင်၏ အခန်းကဏ္ဍ၊ နိုင်ငံ့ဝန်ထမ်း ရေးရာကော်မရှင်၏ ပြုပြင်ပြောင်းလဲမှု၊ အီလက်ထရောနစ် နည်းပညာအသုံးပြု၍ လေ့လာသင်ယူခြင်း၊ ဗစ်တိုးရီးယားတက္ကသိုလ်မှ အာဆီယံနိုင်ငံများအတွက် ကာလတို သင်တန်းများပေးခြင်း၊ အဆင့်မြင့်အရာရှိကြီး များ၏ နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းတွင် ပါဝင်ဆောင်ရွက်မှု၊ နိုင်ငံ့ဝန်ထမ်းရေးရာကော်မရှင်၏ ခေါင်းဆောင်မှု အခန်းကဏ္ဍ၊ နယူးဇီလန်နိုင်ငံ ဝန်ထမ်းစနစ်တွင် ဖြောင့်မတ် မှန်ကန်စွာဖြင့် ပြည်သူအားဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်များကို လေ့လာခဲ့ ကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ပြဌာန်းထားရှိသောဝန်ထမ်းရေးရာ ခံစားပိုင်ခွင့်များ၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းရေးရာ ကော်မရှင်၏ ဥက္ကဋ္ဌနှင့်လည်းကောင်း၊ ဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်များနှင့်လည်းကောင်း တွေ့ဆုံ၍ အမြင်ချင်းဖလှယ် ဆွေနွေးခဲ့ကြပါသည်။

(၇) ပြည်သူများ၏ သဘောထားအမြင်စစ်တမ်း (Public Perception Survey) မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာဗျူဟာစီမံချက်တွင် ပါရှိသည့် ရွေးချယ်လုပ်ဆောင်မည့်နယ်ပယ် –  ၃ လူထုဗဟိုပြုနိုင်ငံ့၀န်ထမ်းများ ဖြစ်လာစေရန် ခေါင်းဆောင်မှုပေးနိုင်သည့်အရည်အသွေးများနှင့် စွမ်းဆောင်ရည်များကို မြှင့်တင် ခြင်း ၏ စတင်ဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ် ၃.၁.၄ တွင် ထည့်သွင်းထားသည့် ပြည်သူ ဗဟိုပြုချဉ်းကပ်ခြင်းနှင့် အုပ်ချုပ်ရေးတွင် ပြည်သူ၏ ယုံကြည်မှုရရှိ စေခြင်းတို့ ပါဝင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုအတွက် စောင့်ကြည့် စစ်ဆေးနိုင်မည့်မူများကို အခြေခံလုပ်ငန်း ဆောင်ရွက်နိုင်ရန်လည်း ဖော်ပြထားရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဝန်ဆောင်မှုများတွင် ယုံကြည်မှု၊ သိက္ခာရှိမှု၊ အရည်အချင်းအပေါ် အခြေခံမှု၊ တန်းတူညီမျှရှိမှုနှင့် အားလုံးပါဝင် နိုင်ရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် UNDP တို့ ပူးပေါင်းပြီး ပြည်သူများ၏ သဘောထားအမြင်စစ်တမ်း (Public Perception Survey) ကို ၂၀၁၇ ခုနှစ်အတွင်း ကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများ ၏ သဘောထားအမြင်စစ်တမ်း (Public Perception Survey) ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ ပါဝင်ပြီး UNDP ၏ ပံ့ပိုးကူညီမှုဖြင့် (၂)နှစ် တစ်ကြိမ်ပြုလုပ်ခြင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သော ပြည်သူ့ဝန်ထမ်းများမဟုတ်သည့် နိုင်ငံတစ်ဝန်းရှိ အမျိုးသား၊ အမျိုးသမီးများကို စစ်တမ်းကောက်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအတွက် လာဘ်ပေး လာဘ်ယူမှု၊ ဘက်လိုက်မှု၊ သြဇာလွှမ်းမိုး၍ မလျော် သြဇာသုံးမှု ရှိ-မရှိ တို့ကို ဆန်းစစ်ခြင်း၊ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများသည် တုံ့ပြန်မှု မြန်ဆန်ခြင်း ရှိ-မရှိ နှင့် လူမျိုး၊ ကျား-မ မရွေး တန်းတူရရှိခြင်း ရှိ-မရှိ ကို မေးမြန်းခြင်း၊ စစ်တမ်းကို လူဦးရေ (၂၀၀၀)ခန့်အား ကောက်ယူရာတွင် ကြီးကြပ်သူ (၁)ဦးနှင့် မေးမြန်းသူ (၃)ဦး စုစုပေါင်း(၅)ဦး ပါဝင်၍ (၁)လခန့် စစ်တမ်း ကောက်ယူခြင်းနှင့် တွေ့ဆုံ မေးမြန်းမည့်သူများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း လျှို့ဝှက်ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။

(ခ) EU(GOPA) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းများနှင့်ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် EU(GOPA) တို့၏ အစီအစဉ်ဖြင့် ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၌ ပို့ချလျက်ရှိသည့် သင်ရိုးညွှန်းတမ်းများနှင့်စပ်လျဉ်း၍ သုံးသပ်တွေ့ရှိချက်များကို ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ၁-၉-၂၀၁၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ ဦးစီးဌာန (၂)ခုနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၃၀)ဦး တက်ရောက် ခဲ့ပါ သည်။ ဆက်လက်၍ EU(GOPA) မှ ပြည်ထောင်စုရာထူးဝန် အဖွဲ့အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်လျက်ရှိသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များအတွက် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းနှင့် ညွှန်ကြား ရေးမှူးများအတွက် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများတွင် ဘာသာရပ် ဆိုင်ရာ သင်ခန်းစာများ ပို့ချပေးလျက်ရှိပါသည်။ ယခုအခါ ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော ပုံမှန်သင်တန်း(၇)မျိုးတွင် ပို့ချလျက်ရှိသည့် Curriculum Syllabus Module နှင့် Course Design များကို EU(GOPA) မှ Training Expert ဖြစ်သူ Mr. Tony bass က ၂-၂-၂၀၁၇ မှ ၉-၂-၂၀၁၇ ထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုမှ ဌာနကြီးမှူး (၂)ဦးနှင့် တက္ကသိုလ်တွင် ပို့ချလျက်ရှိသည့် သင်ရိုးညွှန်းတမ်းများ၊ သင်တန်းများ၊ ဘာသာရပ်များ၊ သင်ကြား ပို့ချနည်းလမ်းများ၊ သင်တန်းဆရာမများ စွမ်းရည်မြှင့် တင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ သင်တန်းပို့ချချိန်များ၊ သင်တန်းသားများအတွက် သင်ယူမှုပတ်ဝန်းကျင်ဖန်တီးမှုဆိုင်ရာများကို ​ဆွေးနွေးခဲ့ပါသည်။ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် ၁၃-၂-၂၀၁၇ မှ ၁၄-၂-၂၀၁၇ ထိ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ၁၅-၂-၂၀၁၇ မှ ၁၆-၂-၂၀၁၇ ထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ EU(GOPA) မှ Expert ဖြစ်သူ Ms. Maebh O’ Connor သည် ၃-၅-၂၀၁၇ မှ ၅-၅-၂၀၁၇ ရက်​​နေ့အထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် Training of Trainers (TOT) for Work Place Skills သင်တန်းအား ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆရာ (၂၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး (၉)ဦးမှာ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ၁၀-၅-၂၀၁၇ မှ ၁၂-၅-၂၀၁၇ ရက်နေ့အထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် Training of Trainers (TOT) for Work Place Skills သင်တန်းအား ဗဟိုဝန်ထမ်း တက္ကသိုလ်မှ သင်တန်းဆရာ (၂၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး (၁၇)ဦးမှာ လေ့လာသူ အဖြစ် တက်ရောက်ခဲ့ကြပါသည်။ သင်တန်း(၂)ခုတွင် ပို့ချခဲ့သော အကြောင်းအရာ များမှာ Communication for Delivery English၊ Communication၊ Time Management Delivery နှင့်Communication Skills တို့ဖြစ်ပါသည်။

(ဂ) ကမ္ဘာ့ဘဏ် (WorldBank) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ

ကမ္ဘာ့ဘဏ် (World Bank) မှ ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် ညွှန်ကြားရေးမှူး များအတွက် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများတွင် ဘာသာရပ်များ ပို့ချပေးခြင်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (၂)ခုရှိ နည်းပြဆရာ၊ ဆရာမ များအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် Case Study Method Training သင်တန်း (၂)ရက်စီ ပို့ချပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့ဘဏ် ( World Bank ) နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် “နိုင်ငံ့ဝန်ထမ်းများအခြေခံလစာအပါအဝင်အခြားစရိတ်ချီးမြှင့်မှုနှင့်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုပြန်လည်သုံးသပ်ခြင်း” (Civil Service Pay, Compensation and Human Resorce Review )၏ Dtaft Report ဖြစ်သည့် Chapter(6) Managing Human Resources for better Performance အပိုင်းအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ Feedback နှင့် အကြံပြုချက်များ ပေးပို့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်၍ ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်အဆင့် အရာရှိကြီးများအတွက် ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ရက်တိုလေ့ကျင့်ရေး သင်တန်းကို ဖွင့်လှစ် ပို့ချနိုင်ရန် လျာထားပြီး အဆိုပါ သင်တန်းသို့ တက်ရောက်ပြီးပါက ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစေလွှတ်သွားရန် ညှိနှိုင်းစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ၂၀၁၇-၂၀၁၈ လေ့ကျင့်ရေးနှစ် အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ သင်ကြားရေး ဆရာ၊ ဆရာမများအား ပြည်ပပညာရှင်များက Case Method Training လေ့ကျင့်ပေးရန်လည်း ညှိနှိုင်းစီစဉ် ထားရှိပြီး ဖြစ်ပါသည်။

(ဃ) Hanns Seidel Foundation -HSF နှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် Hanns Seidel Foundation – HSF ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ပြည်သူ့ဝန်ထမ်း‌အကယ်ဒမီ တည်ထောင်ရေးအကြံပြု အလုပ်ရုံဆွေးနွေးပွဲ (Consultative Workshop for Establishing the Civil Serices Academy – CSA)ကို ၂၃-၆-၂၀၁၆ မှ ၂၄-၆-၂၀၁၆ ထိ ကျင်းပခဲ့ရာ ဝန်ကြီးဌာန / အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူး အဆင့်နှင့်အထက် ကိုယ်စားလှယ် (၄၀)ဦး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် Hanns Seidel Foundation – HSF တို့ ပူးပေါင်း၍ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သော ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်များအတွက် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် ( အောက်မြန်မာပြည် ) တွင် ဖွင့်လှစ် ခဲ့သော ညွှန်ကြားရေးမှူးအဆင့်များအတွက် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်းများတွင် Federalism ( Features ၊ Fiscal ၊Democracy ၊Conflict Resolution) ၊ Political Science ၊ Distribution of Competences ၊ Intergovernmental Relations နှင့် Comparative Constitutional Law and Politics စသည့် ဘာသာရပ်များကို ပြည်ပပညာရှင်များနှင့် ဆွေးနွေးပို့ချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

(င) ကုလသမဂ္ဂ-အာရှနှင့် ပစိဖိတ်ဒေသ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သင်တန်းဌာန (United Nations – Asia-Pacific Centre of Information and Communication Technology – UN-APCICT ) နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂ-အာရှနှင့် ပစိဖိတ်ဒေသ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာသင်တန်းဌာန (United Nations-Asia-Pacific Centre of Information and Communication Technology – UN-APCICT) နှင့် ပူးပေါင်း၍ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သော ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်များအတွက် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သော ညွှန်ကြားရေးမှူးအဆင့်များအတွက် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်းများတွင် e-Government Application၊ Information Security and Privacy ၊ Module: 1- Wifi Policy Module on ICT and Enterpreneurship၊ Module: 7- ICT Project Management in Theory and Practice, Module: 11- Social Media for Development စသည့်ဘာသာရပ်များကို ပြည်ပ ပညာရှင်များက ဆွေးနွေးပို့ချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၇-၂၀၁၈ လေ့ကျင့်ရေးနှစ်တွင် ဗဟိုဝန်ထမ်း တက္ကသိုလ် (၂)ခုတို့၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်များအတွက် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ ညွှန်ကြားရေးမှူး အဆင့်များအတွက် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများကို ကြိမ်ရေတိုးမြှင့်ဖွင့်လှစ်ရန် စီစဉ် လျက်ရှိရာ အဆိုပါ စီမံခန့်ခွဲမှုသင်တန်းများတွင် တင်ပြပါဘာသာရပ်များ ဆက်လက် ဆွေးနွေးပို့ချနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

(စ) ထိုင်းနိုင်ငံ ၊ Dhurakij Pundit University – DPU နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ ထိုင်းနိုင်ငံ၊ Dhurakij Pundit University – DPU မှ ပြည်ပ ပညာရှင် (၂)ဦးသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ သင်တန်းဆရာများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် ကာလတိုသင်တန်းများ ကို အသီးသီးဖွင့်လှစ်ခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့ထိလည်းကောင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)တွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး ၂၀၁၇-၂၀၁၈ လေ့ကျင့်ရေးနှစ်အတွင်းတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (၂)ခုမှ သင်တန်း ဆရာများအတွက် နိုင်ငံ့ဝန်ထမ်းသင်တန်းဆရာများလေ့ကျင့်ရေးသင်တန်း (Training of Trainers-ToT) ကျင်းပပြုလုပ်ပေးရန် ဆွေးနွေးညှိနှိုင်းစီစဉ်ထားပြီးဖြစ်ပါသည်။

(ဆ) ကိုရီးယားသမ္မတနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency – KOICA) နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအတွက် ။ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှုအစီအစဉ်သို့ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ (၄) ကြိမ်တိုင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency – KOICA)တို့ ပူးပေါင်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်များ ဦးဆောင်ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်မှစ၍ နေပြည်တော်၌ အလယ်အလတ်အဆင့် အရာထမ်းများ၊ အဆင့်မြင့်အရာထမ်းများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်း အတွင်းဝန်တို့အား ကာလတိုသင်တန်း (Short Term Training Course) များ ဖွင့်လှစ်ပြီး Public Policy၊ Public Management နှင့် Public Administration ဘာသာရပ်များကို ဆွေးနွေးပို့ချနိုင်ရေးအတွက် KOICA ၏ ကွပ်ကဲမှုအောက်ရှိ World Friends Korea (WFK)မှ အကြံပေး (Advisor) များဖြင့် နည်းပညာထောက်ပံ့မှုအကူအညီပေးရေးတို့ကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌများ

  • ဦးလွန်းဘော် U Lun Baw (၁-၁-၁၉၄၇ မှ ၈-၃-၁၉၆၃ ထိ)
  • ဦးကာ U Kar (၁၁-၇-၁၉၆၃ မှ ၂၄-၈-၁၉၆၈ ထိ)
  • ဦးလှိုင်ဟုတ် U_Hlaing_Hop (၂-၉-၁၉၆၈ မှ ၂-၁-၁၉၇၃ ထိ)
  • ဦးခင်မောင်ဖြူ U Khin Maung Phyu (၃-၁-၁၉၇၃ မှ ၉-၄-၁၉၇၇ ထိ)
  • ဦးသန်းစိန် U Than Sein ( ၅-၅-၁၉၇၇ မှ ၁၂-၁၁-၁၉၈၁ ထိ)
  • ဦးမောင်မောင်ကြီး U Maung Maung Kyi (၁၂-၁၁-၁၉၈၁ မှ ၈-၇-၁၉၉၉ ထိ)
  • ဒေါက်တာသန်းညွန့် Dr.Than Nyunt (၉-၇-၁၉၉၉ မှ ၄-၂-၂ဝဝ၉ ထိ)
  • ဦးကျော်သူ U Kyaw Thu (၅-၂-၂ဝဝ၉ မှ ၃၀-၃-၂၀၁၆ ထိ)
  • ဦးဝင်းသိမ်း  U Win Thein (၅-၄-၂၀၁၆ မှ ၃၁-၁-၂၀၂၁ ထိ)

​​​​​​​ဆက်သွယ်ရန်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ရုံးအမှတ်(၁၇)၊ နေပြည်တော်

ဖုန်းအမှတ်-၀၆၇-၄၀၉၀၆၀

ဖက်(စ်)-၀၆၇-၄၀၉၀၄၅

Email- ucsb@mptmail.net.mm

Website Address- www.ucsb.gov.mm

Union Civil Service Board Facebook Page

Contact addresses of the Union Civil Service Board