ပြည်ထောင်စုတရားလွတ်တော်ချုပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

 

ဌာနအဖွဲ့အစည်း၏အကြောင်းအရာ မူလအရင်းအမြစ်

ရှေးမြန်မာဘုရင်များလက်ထက်ကတည်းကစတင်၍ မြန်မာနိုင်ငံတွင်ခိုင်မာသည့် တရားစီရင်ရေးစနစ်နှင့် ဥပဒေရေးရာ အခြေခံအုတ်မြစ်တို့ တည်ရှိခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ရိုးရာဥပဒေသည် ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးတို့ဖြင့် ဖွဲ့စည်းထားပါသည်။

ရာဇသတ်ဟူသည် ပြည့်ရှင်ဘုရင်၏ အမိန့်ပြန်တမ်းနှင့် တစ်ချက်လွှတ်အမိန့်များဖြစ်ပြီး ၎င်းတွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ခိုးမှု အစရှိသည့် မှုခင်းများ အပါအဝင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် ဘုရင်မှ ထုတ်ပြန်သည့် အမိန့်များ၊ ရာဇဝတ်ဥပဒေများ ပါဝင်ပါသည်။

ဓမ္မသတ်ဆိုသည်မှာ ခေတ်အလိုက် ရွေးထုတ်စုစည်းထားသော မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။ ထင်ရှားသည့် တရားသူကြီးများနှင့် လူပညာရှိများ၏ ဆုံးဖြတ်ချက်၊ ရေးသားချက်များ စဉ်းစားဆင်ခြင် ကောက်ယူပုံအကြောင်းအချက်များ၊ သဘောတူဆုံးဖြတ်ချက်များ ပါဝင်သည့် မြန်မာတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။ အမှန်စင်စစ် ဓမ္မသတ်များသည် လူမှုပြဿနာများအတွက် ချမှတ်ထားသည့် တရားဥပဒေမူများ၊ စည်းမျဉ်းစည်းကမ်းများ၊ အထူးသဖြင့် လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ အမွေဆက်ခံခြင်း၊ မွေးစားခြင်းအစရှိသည့် ကိစ္စရပ်များနှင့်နှီးနွယ်သည့် တရားမဥပဒေများ စုစည်းပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ ဥပဒေစည်းမျဉ်းစည်းကမ်းများသည် "ဥပဒေအရ အားလုံး တန်းတူ ရည်တူ အခွင့်အရေး ရှိသည်" ဟူသည့် မူအပေါ် အခြေခံထားခြင်းဖြစ်ပြီး အဆိုပါမူကို ယနေ့တိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတရားရုံးများတွင် ဆက်လက်လိုက်နာကျင့်သုံးလျက် ရှိပါသည်။

ဖြတ်ထုံးဆိုသည်မှာ လက်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ထုံးများကဲ့သို့ တရားရုံးများ၊ ခုံရုံးများနှင့် ဘုရင့်လွှတ်တော်၏ တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ဖြစ်ပါသည်။
ထိုခေတ်ကာလကပင် ပြစ်မှုနှင့် တရားမတရားစီရင်ရေးဟူ၍ ကွဲပြားခြားနားမှု ရှိခဲ့ပါသည်။ အများပြည်သူ လုံခြုံမှုကို ထိခိုက်စေသော၊ ငြိမ်းချမ်းသာယာမှုကို အလုံးစုံ ထိခိုက်ပျက်ပြားစေသော ပြုလုပ်မှုများကို တားဆီးခြင်း၊ အပြစ်ပေးခြင်း ကိစ္စရပ်များအတွက် အစိုးရ၏ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းရပ်၊ အစိတ်အပိုင်းရပ်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ တစ်ဖက်တွင် တရားမတရားစီရင်ရေးကို ဘုရင်မှ ခန့်အပ်သည့် တရားသူကြီးများ၊ နှစ်ဖက်အမှုသည်များ သဘောတူ ရွေးချယ်သည့် ခုံသမာဓိ လူကြီးများက ဆောင်ရွက်စေခဲ့ပါသည်။ သဘောသဘာဝအားဖြင့် အယူခံအတွက် နောက်ဆုံးအဆင့် ဘုရင်ထံ အယူခံဝင်ရောက်ရန် ထားရှိသော်လည်း ခုံသမာဓိလူကြီးများ၏ ဆုံးဖြတ်ချက်အတွက် အယူခံခွင့်မရှိပါ။

ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်မှု

လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိပြီးနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်နှင့် အဆင့်ဆင့်သော တရားရုံးများကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီမှ နိုင်ငံတော် အာဏာကို ရယူခဲ့ပြီးနောက် တရားစီရင်ရေး စနစ်အား ဆိုရှယ်လစ်တရားစီရင်ရေးစနစ်သို့ အသွင်ပြောင်းလဲခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်အား ဖျက်သိမ်းပြီး ယင်းတို့အစား တရားရုံးချူပ်ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုတရားရုံး၊ ပြည်နယ်နှင့် တိုင်းတရားရုံးများ၊ မြို့နယ် တရားရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတရားရုံးများကို ဖွဲ့စည်းခဲ့ပါသည်။ ထိုခေတ် တရားစီရင်ရေးစနစ်၏ ထူးခြားချက်မှာ တရားရုံးအဆင့်ဆင့်တွင် လုပ်သားပြည်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မြန်မာနိုင်ငံ၌ တရားစီရင်ရေး ဆောင်ရွက်ရန်နှင့် အဆင့်ဆင့်သော တရားရုံးများ ဖွဲ့စည်းရန်အတွက် ၁၉၈၈ ခုနှစ်၊ တရားစီရင်ရေး ဥပဒေကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ တရားရုံးများ ပြင်ဆင်ဖွဲ့စည်းရန်နှင့် တရားစီရင်ရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၇ ရက် နေ့တွင် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေးဥပဒေကို ပြဌာန်းပြီးနောက် ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေအား ဖျက်သိမ်းခဲ့ပါသည်။
မျက်မှောက်ခေတ် တရားစီရင်ရေးစနစ်သည် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတို့အရ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။

ရည်မှန်းချက်

  • လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်

  • တရားရုံးများအပေါ် ပြည်သူလူထု၏စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကိုမြှင့်တင်ရန်

လုပ်ငန်းတာဝန်များ

  • တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး
  • ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြုတရားစီရင်ရေးစနစ်ပေါ်ထွန်းရေး
  • အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး
  • တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး

တရားရုံး၏တန်ဖိုးများ

  • သာတူညီမျှမှုနှင့်တရားမျှတမှု
  • တရားစီရင်ရေးလွတ်လပ်မှုနှင့် ဂုဏ်သိက္ခာရှိမှု
  • လက်လှမ်းမီနိုင်မှု
  • မြန်ဆန်ထိရောက်မှုနှင့် အချိန်မီဆောင်ရွက်နိုင်မှု

တရားစီရင်ရေးဆိုင်ရာအခြေခံမူများ

    ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ တရားစီရင်ရေးဆိုင်ရာအခြေခံမူများကို အောက်ပါအတိုင်း ချမှတ်ထားပါသည်-

  • ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး
  • ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူရှေ့မှောက်တွင် တရားစီရင်ရေး
  • အမှုများတွင် ဥပဒေအရခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး
  • ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရေး
  • ဥပဒေက  ပြည်သူများက နားလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသောအလေ့အကျင့်ပျိုးထောင်ပေးရေး
  • ပြည်သူအချင်းချင်းနှင့်ပတ်သက်သော အမှုကိစ္စများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေရေး
  • ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရေး

ဖွဲ့စည်းခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမြင့်ဆုံးသော တရားစီရင်ရေးအဖွဲအစည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားရုံးစနစ်တွင် အမြင့်ဆုံးသော တရားရုံးဖြစ်ပြီး ဥပဒေပြုရေး၊ စီမံခန့်ခွဲရေးအဖွဲ့များနှင့် ယှဉ်တွဲလျက် လွတ်လပ်စွာ ရပ်တည်လျက်ရှိသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ အနည်းဆုံး ၇ ဦးမှ ၁၁ ဦးအထိ ခန့်အပ်နိုင်ပါသည်။

စီရင်ပိုင်ခွင့်အာဏာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အယူခံမှုများအတွက် အမြင့်ဆုံးတရားရုံး ဖြစ်ပါသည်။ ၎င်းသည် အယူခံမှုနှင့် ပြင်ဆင်မှုအာဏာများကို ကျင့်သုံးနိုင်ပါသည်။ ထို့အပြင် မူလမူများကိုလည်း ကြားနာစစ်ဆေး စီရင်ပိုင်ခွင့် အာဏာရှိပြီး အောက်ပါကိစ္စရပ်များအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌သာ မူလမှုစီရင်ပိုင်ခွင့် အာဏာများရှိပါသည်-

(က) ပြည်ထောင်စု နိုင်ငံတော်က ချုပ်ဆိုသော ပြည်ထောင် အချင်းချင်းဆိုင်ရာ စာချုပ်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသော ကိစ္စရပ်များ၊

(ခ) ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့အကြား ဖြစ်ပွားသသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြဿနာများမှအပအခြား အငြင်းပွားမှုများ၊

(ဂ) တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အချင်းချင်း၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အချင်းချင်းတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြားအငြင်းပွားမှုများ၊

(ဃ) ပင်လယ်ဓါးပြမှုများ၊ နိုင်ငံတကာပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သောပြစ်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ မြေပြင် သို့မဟုတ် နိုင်ငံတကာပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊

(င) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြားကိစ္စရပ်များ။ ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် အခြားဥပဒေပါ ပြဌာန်းချက်ကို အထောက်အထားပြု၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ အောက်ပါကိစ္စရပ်များအတွက် စီရင်ပိုင်ခွင့်ရှိသည်-

(၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူလမှုစီရင်ပိုင်ခွင့်ကို ကျင့်သုံး၍ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊

(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်မှ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊

(၃) အခြားတရားရုံးက ဥပဒေနှင့်အညီ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက် သို့မဟုတ် အမိန့်ကို ဥပဒေနှင့်အညီ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာ၊ သေဒဏ်အမိန့်ကို အတည်ပြုမှုနှင့် သေဒဏ်အမိန့်ကို အယူခံမှုများအား စီရင်ပိုင်ခွင့်အာဏာ၊ မိမိ၏ ဆုံးဖြတ်ချက်အရ လွှဲပြောင်းရယူသော အမှုနှင့် တရားရုံးတစ်ရုံးမှ အခြားတရားရုံးတစ်ရုံးသို့ အမှုလွှဲပြောင်းပေးမှုကိုလည်း စီရင်ပိုင်ခွင့် အာဏာရှိပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အာဏာများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အမြင့်ဆုံးတရားရုံးဖြစ်၍ နိုင်ငံတော်အတွင်းရှိ တရားရုံးများပေါ်တွင် ကြီးကြပ်မှု အာဏာရှိပြီး ၎င်း၏ ဆုံးဖြတ်ချက်သည် တရားရုံးများ အားလုံးပေါ်တွင် စည်းနှောင်မှုရှိသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ အောက်ပါ စာချွန်တော်အမိန့်များကို ထုတ်ဆင့်ပိုင်ခွင့် အာဏာရှိပါသည်-

(က) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
(ခ) အာဏာပေးစာချွန်တော်အမိန့်၊
(ဂ) တားမြစ်စေစာချွန်တော်အမိန့်၊
(ဃ) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
(င) အမှုခေါ်စာချွန်တော်အမိန့်

ဖွဲ့စည်းပုံ

တရားရုံးအဆင့်ဆင့် ဖွဲ့စည်းပုံ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို အောက်ပါအတိုင်း တည်ထောင်ထားရှိပါသည်-

- ပြည်ထောင်စုတရားလွှတ်တော်ချုပ်

- တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ

- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ

- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ

- ခရိုင်တရားရုံးများ

- မြို့နယ်တရားရုံးများ

- ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

 

 

  • နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး
  • နေပြည်တော်တွင်တည်ရှိသည်

 

တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ

 

 

  • ဒုတိယအမြင့်ဆုံးတရားရုံး
  • တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော် (၁၄) ရုံး

 

ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတရားရုံးများ

 

 

  • ဒုတိယအနိမ့်ဆုံးတရားရုံး
  • ခရိုင်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတရားရုံး(၇၂)ရုံး

 

မြို့နယ်တရားရုံးများ/ဥပဒေအရတည်ထောင်သည့် အခြားတရားရုံးများ

 

 

  • မူလတရားရုံး
  • မြို့နယ်တရားရုံး(၃၃၀)ရုံး၊ အခြားတရားရုံး(၂၂)ရုံး

Website လိပ်စာ

www.unionsupremecourt.gov.mm

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •