စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ကြေညာ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2022


နေပြည်တော် မတ် ၁၃

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက် ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။ ။

နိုင်ငံတကာတွင်ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများအရ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ မတ် ၁၄ ရက်မှ ၂၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံး ငွေကျပ် ၅၉၄၀ မှ အမြင့်ဆုံး ငွေကျပ် ၆၅၇၆ ကျပ်) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်