ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 04, 2022
image


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၂၂

၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်

(၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

၂။ ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန် တို့အတွက် ရည်ရွယ်၍ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်။

၃။ ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့ သူများ၏ ဘတ်စာရင်းဖွင့်လှစ်ခွင့်ပြုသည်။

၄။ သို့ဖြစ်၍ ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။

၅။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

သန်းညိန်း

ဥက္ကဋ္ဌ